စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဟာ လာမယ့် အင်္ဂါနေ့ည (ဗုဒ္ဓဟူး မနက်) ၁နာရီခွဲအချိန်မှာ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲ အတွက် လက်မှတ်တွေကို ရောင်းချနေရာ ဝယ်ယူသူ နည်းပါးနေတာကြောင့် အခက်တွေ့နေရကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဘိုင်ယန်မြူးနစ် ၊ ဘင်ဖီကာ ၊ ဒိုင်နမိုကိဗ် စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ပထမ ရဖို့ အတွက် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်ရတဲ့ ပွဲစဉ်၂ပွဲစလုံးမှာ ရလဒ်ကောင်းတွေ ရရှိအောင် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

Photo Credit: AS English

အဲ့ဒါအပြင် ဘာစီလိုနာအသင်းဟာ လတ်တလောမှာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ကိုဗစ်အလွန် ကွင်းဝင်ကြေး ကနေ ရရှိမယ့် ဝင်ငွေဟာ သူတို့အတွက် အလွန် အရေးပါပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်နဲ့ ပွဲစဉ် အတွက် ရောင်းချမယ့် လက်မှတ်အရေအတွက် ၄၀၀၀၀ရဲ့ ၅ပုံ ၁ပုံ ပမာဏ ဖြစ်တဲ့ လက်မှတ် ၈၀၀၀ကို ရောင်းချဖို့ ကျန်နေသေးကြောင်း သိရပါတယ်။

ဘာစီလိုနာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ပွဲစဉ် အတွက် လက်မှတ်ခတွေကို ၁၀၉ ယူရိုနဲ့ ၁၉၉ယူရိုကြား ရောင်းချနေတာ ဖြစ်ပြီး အဆိုပါပွဲစဉ် အတွက် စုစုပေါင်း လက်မှတ် ၄၀၀၀၀ အထိ ရောင်းချဖို့ ရည်ရွယ်ထားတာပါ။

Photo Credit: AS English

ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ ပရိသတ် အများစုဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို အသင်းကနေ ရောင်းချခဲ့တဲ့ ဖြစ်ရပ်အား မကျေမနပ် ဖြစ်နေတာကြောင့် ငွေကုန်ကြေးကျ ခံကာ ကွင်းအတွင်း လာရောက် ကြည့်ရှုဖို့ ငြင်းဆန်နေကြပြီး အဆိုပါ လက်မှတ် ၈၀၀၀ကိုသာ မရောင်းချနိုင်ပါက ဘာစီလိုနာအသင်းဟာ စုစုပေါင်း ယူရို ၁.၂သန်း ဝန်းကျင် ဝင်ငွေ ဆုံးရှုံးနိုင်ပါတယ်။