ယမန်နေ့ညမှာ လာလီဂါ ပွဲစဉ်(၆) အဖြစ် ကာဒစ်ဇ်နဲ့ ဘာစီလိုနာတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာမှာတော့ ဘာစီလိုနာက အဝေးကွင်းမှာ ၀-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရကာ သူတို့အသင်းရဲ့ ကာဒစ်ဇ်နဲ့ တွေ့တိုင်း ရလဒ်ဆိုးတတ်တဲ့ မှတ်တမ်းဆိုးကို ရိုက်ချိုးသွားနိုင်ခဲ့ပါတယ်။

ဘာစီလိုနာက လာလီဂါပြိုင်ပွဲရဲ့ အင်အားကြီးအသင်း တသင်း ဖြစ်ပေမယ့် ပြီးခဲ့တဲ့ ၂ရာသီဆက် ကာဒစ်ဇ်နဲ့ ရင်ဆိုင် ကစားခဲ့ရာမှာ တပွဲမှ အနိုင်ရခဲ့ခြင်း မရှိပဲ ၂ပွဲရှုံး ၊ ၂ပွဲသရေ ဆိုတဲ့ ရလဒ်ကိုသာ ရရှိခဲ့ပါတယ်။

Photo Credit: 90 Min

ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ကာဒစ်ဇ် ၀-၄ ဘာစီလိုနာ ပွဲစဉ်မှာလည်း ဘာစီလိုနာက ပထမပိုင်းမှာ အိမ်ရှင် ကာဒစ်ဇ်ကို အသာစီး ရအောင် ကစားဖို့ ရုန်းကန်ခဲ့ရပြီး ဒုတိယပိုင်း အရောက်မှာ အဓိက ကစားသမားတွေ ဖြစ်တဲ့ လီဝမ်ဒေါစကီး ၊ ပီဒရီ ၊ ဒမ်ဘီလီတို့ လူစားဝင်လာခဲ့တာကြောင့်သာ ကစားကွက်ပိုင်း အသာစီးနဲ့အတူ လိုအပ်နေတဲ့ သွင်းဂိုးတွေ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ဘာစီလိုနာက အဝေးကွင်းမှာ ကာဒစ်ဇ်ကို ၀-၄ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့မှုကြောင့် သူတို့အသင်းဟာ ၂၀၀၆ခုနှစ် နောက်ပိုင်း ကာဒစ်ဇ်ကို ပထမဦးဆုံး အကြိမ် ပြန်လည် အနိုင်ရခဲ့တာ ဖြစ်ပြီး ၂၀၀၆ခုနှစ်မှာတော့ ဘာစီလိုနာက ကာဒစ်ဇ်ကို ၁-၀ ဆိုတဲ့ ရလဒ်နဲ့ နောက်ဆုံးအကြိမ် အနိုင်ရရှိခဲ့တာပါ။

Photo Credit: 90 Min

ကာဒစ်ဇ်ကို အနိုင်ယူဖို့ အတွက် ၁၆နှစ် အထိ စောင့်ခဲ့ရပေမယ့် ဘာစီလိုနာရဲ့ ယခုနှစ် ဘောလုံးရာသီ စွမ်းဆောင်ရည်ဟာ အတော်လေးကို အထင်ကြီးစရာ ကောင်းနေပြီး ဘာစီလိုနာက ကာဒစ်ဇ်ပွဲ အပါအဝင် နောက်ဆုံး ၅ပွဲမှာ ၅ပွဲစလုံးကို အနိုင်ရထားသလို အဆိုပါ ၅ပွဲမှာ သွင်းဂိုး ၂၀ဂိုး အထိ သွင်းယူထားနိုင်ခဲ့ကာ ပေးဂိုးကလည်း ၂ဂိုးသာ ရှိခဲ့ပါတယ်။

ဒါကြောင့် ဒီရာသီမှာ ဘာစီလိုနာက သူတို့အသင်းနဲ့ ဝေးကွာနေတဲ့ ဆုဖလားတွေကို ပြန်လည် ရယူနိုင်စွမ်း ရှိနေပြီ ကောင်းကောင်းကြီး သက်သေပြနေတယ်လို့ ဆိုရပါမယ်။