မနေ့ညက ကစားသွားခဲ့တဲ့ ဘာစီလိုနာနဲ့ နာပိုလီအသင်းတို့ရဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွင်း နာပိုလီအသင်းရဲ့နောက်ခံကစားသမား ကူလီဘလီနဲ့ ထိခိုက်မိခဲ့တဲ့ အသင်းရဲ့အသင်းခေါင်းဆောင် တိုက်စစ်ကစားသမား လီယွန်နယ်မက်ဆီရဲ့အခြေအနေက ဆိုးရွှားဖွယ်မရှိပဲ ဆေးကုသမှု အနည်းငယ်ခံယူပြီးရင် ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲအတွင်း ပြန်လည်ပါဝင်ကစားနိုင်ဖွယ်ရှိတယ်လို့ ဘာစီလိုနာနည်းပြ ဆက်တီယန်က ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : The Independent

ဘာစီလိုနာအသင်းဟာ ပထမအကျော့ နေပယ်မှာ ကစားခဲ့ရတဲ့ ပွဲစဉ်အတွင်း သရေသာ ကစားနိုင်ခဲ့လို့ အိမ်ကွင်းနူးကမ့်မှာ နာပိုလီကို အနိုင်ယူကျော်ဖြတ်ဖို့ ကြိုးစားကစားခဲ့ရာ ပထမပိုင်းမှာ သွင်းယူခဲ့တဲ့ လွန်းဂလတ် မက်ဆီ ဆွာရက်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့ နာပိုလီအသင်းကို (၃)ဂိုး(၁)ဂိုးနဲ့ အနိုင်ယူခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၄)ဂိုး(၂)ဂိုးနဲ့ ကွာတားဖိုင်နယ်ကို တတ်လှမ်းနိုင်ခဲ့ပါတယ်။ ဒီပွဲစဉ်အတွင်း အသင်းခေါင်းဆောင်မက်ဆီက အသင်းအတွက် ဒုတိယဂိုးသွင်းယူပေးပြီး တတိယဂိုးမှာလည်း သူ့ကို နာပိုလီနောက်ခံလူ ကူလီဘလီက ကြမ်းတမ်းဖြတ်ထုတ်လိုက်သလို ဖြစ်သွားခဲ့ရာကနေ ပင်နယ်တီရခဲ့တာဖြစ်ပြီး ဒီပင်နယ်တီကို ဆွာရက်ဇ်ကန်သွင်းယူခဲ့ပါတယ်။

Photo Credit : Metro

ကူလီဘလီနဲ့ ထိခိုက်မိခဲ့တဲ့ မက်ဆီဟာ ကွင်းအတွင်း ဆေးကုသမှုတွေ ခံယူခဲ့ပြီး ပွဲကိုဆက်လက်ကစားနိုင်ခဲ့ပေမယ့်လည်း ဘာစီလိုနာပရိသတ်တွေက လာမယ့်ကွာတားဖိုင်နယ်ပွဲစဉ်မှာ မက်ဆီက ဒဏ်ရာကနေ သက်သာပြီး ကြံခိုင်မှုအပြည့်နဲ့ ကစားနိုင်ပါ့မလားဆိုတာကို စိတ်ပူလာကြပါတယ်။ ဒါပေမယ့် ဘာစီလိုနာနည်းပြ ဆက်တီယန်ကတော့ မက်ဆီဒဏ်ရာနဲ့ပတ်သက်ပြီး “သူက ဖြတ်ထုတ်မှုကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရတာဆိုပေမယ့် သူကြည့်ရတာတော့ အဆင်ပြေနေတဲ့ပုံပါ။ ကုသမှုလေးတော့ လိုအပ်ဦးမှာပါ။ ဒါပေမယ့်လည်း ဒါက ဆိုးဆိုးရွှားရွှားတော့ ဖြစ်လာလိမ့်မယ်လို့ ကျွန်တော်မထင်ဘူး။ နာပိုလီနဲ့ပွဲကလည်း ကျွန်တော်တို့အတွက် အတော်လေးကို ခက်ခဲတဲ့ပွဲဖြစ်ခဲ့တယ်။ သူတို့က တကယ့်ကို ကစားရခက်တဲ့အသင်းပါ” လို့ ပြောဆိုသွားခဲ့ပါတယ်။ အသင်းကို နောက်တစ်ဆင့် တတ်လှမ်းခွင့်ရအောင် အစွမ်းကုန်ကြိုးစားပေးခဲ့တဲ့ မက်ဆီဟာ အသင်းအတွက် ဒုတိယသွင်းဂိုးကို ပြိုင်ဘက်အသင်းသားတွေကို ကျော်ဖြတ်ပြီး အကောင်းဆုံးပုံစံ သွင်းယူခဲ့တာဖြစ်သလို ဒီသွင်းဂိုးကြောင့် ချီးကျူးခံနေရသလို ဒီသွင်းဂိုးကြောင့်ပဲ မက်ဆီဟာ ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်းမှာ မတူညီတဲ့ ကလပ်အသင်း(၃၅)သင်းကို ဂိုးသွင်းနိုင်ခဲ့တဲ့ စံချိန်ကိုလည်း ပိုင်ဆိုင်ခဲ့ရပါသေးတယ်။ ဘာစီလိုနာအသင်းအနေနဲ့ကတော့ ကွာတားဖိုင်နယ်မှာ ဒီရာသီမှာ ခြေစွမ်းတွေ အရမ်းကောင်းနေတဲ့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ တွေ့ဆုံရတော့မှာဖြစ်ပါတယ်။