ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကတော့ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် ရပ်နားထားရတဲ့ ပြိုင်ပွဲ ပြန်စပြီ ဆိုရင် ပွဲစဉ်မှန်သမျှ အနိုင်ရအောင် ကစားသွားမယ်လို့ ပြောခဲ့ပြီး ဘာစီလိုနာအသင်းက ပွဲစဉ် မှန်သမျှကို အနိုင်ရဖို့ အခြေအနေကောင်းတယ်လို့လည်း ထပ်လောင်း ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ ကိုရိုနာ ဗိုင်းရပ် ရောဂါကြောင့် လာလီဂါ ပြိုင်ပွဲ မရပ်နားရသေးခင် ပွဲစဉ် (၂၇) ပွဲ ကစားပြီးတဲ့ အချိန်မှာ (၁၈) ပွဲနိုင်၊ (၄) ပွဲသရေ၊ (၅) ပွဲရှုံး ခဲ့တာကြောင့်မို့ ရမှတ် (၅၈) မှတ် ရရှိခဲ့ပြီး ရမှတ် (၂) မှတ် ဖြတ်နဲ့ အဆင့် (၁) နေရာကနေ ဦးဆောင်နေတာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

စပိန် လာလီဂါ ပြိုင်ပွဲဟာ လာမယ့် ဇွန်လ (၁၁) ရက်နေ့ကနေ ပြန်လည် စတင်သွားဖွယ် ရှိပြီး ဘာစီလိုနာအသင်းကတော့ လာလီဂါ ပြိုင်ပွဲ ပြန်လည် စတင်တဲ့ အချိန်မှာ ခြေစွမ်းပြကစားနိုင်ဖို့ နဲ့ အဆင်သင့် ဖြစ်နိုင်ဖို့အတွက် အသင်းလိုက် လေ့ကျင့်ရေးတွေကို ပြန်ဆင်းနေပြီပဲ ဖြစ်ပါတယ်။ တိုက်စစ်မှူး မက်ဆီဟာ လက်ရှိရာသီမှာ လာလီဂါ ပွဲစဉ် (၂၂) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၁၉) ဂိုး သွင်းယူထားပြီး လက်ရှိရာသီ ပြန်စပြီ ဆိုရင် ပွဲစဉ်မှန်သမျှ အနိုင်ရဖို့ ကစားသွားပါမယ်လို့ အင်္ဂလန် အခြေစိုက် Goal သတင်းမှာ အခိုင်အမာ ပြောကြားသွားလိုက်တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

တိုက်စစ်မှူး မက်ဆီက “ကပ်ရောဂါအတွင်းမှာ ဆိုးတာတွေ အများကြီး ဖြစ်ခဲ့တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် ကိုယ် ချစ်ရတဲ့ လူ တစ်ဦးကို ဆုံးရှုံးရတာထက် ပို ဆိုးတဲ့ အရာ ဆိုတာ မရှိနိုင်တော့ပါဘူး။ ချစ်ရတဲ့ လူကို ဆုံးရှုံးရတာက ကျွန်တော့်ကို စိတ်နာစေတယ်။ ကျွန်တော် မတရားဆုံး အရာနဲ့ ကြုံရတယ်လို့ ခံစားမိသွားတယ်။ ဘောလုံးလည်း အရင်ကနဲ့ တူနေဦးမယ်လို့ ကျွန်တော် မထင်တော့ပါဘူး။ ဒါပေမယ့် ရည်ရွယ်ချက်က တူတယ်။ ပွဲစဉ်မှန်သမျှ အနိုင်ရဖို့ပဲ။ ကျွန်တော်တို့ ပွဲစဉ် မှန်သမျှကို အနိုင်ရဖို့ အခြေအနေကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ အသင်းက ကောင်းစွာ ဆောင်ရွက်နေပြီး အနိုင်ရဖို့ မျှော်လင့်ပါတယ်”လို့ ပြောကြားသွားပါတယ်။