MySport Myanmar

၂၀၂၀တုန်းက မန်စီးတီးကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်းကို ဖွင့်ဟပြောဆိုခဲ့တဲ့ ခွန်ဒဲ

ဘာစီလိုနာအသင်းရဲ့ ပြင်သစ်နောက်ခံကစားသမား ခွန်ဒဲက သူရဲ့အသင်းဟောင်း ဆီဗီလာအသင်းမှာ ပါဝင်ကစားခဲ့စဉ် မန်ချက်စတာစီးတီးအသင်းရဲ့ နည်းပြဖြစ်သူ ပတ်ဂွာဒီယိုလာက သူ့ကို ခေါ်ယူဖို့ ချဉ်းကပ်မှုတွေ လုပ်ဆောင်ခဲ့ပြီး သူနဲ့ ဂွာဒီယိုလာတို့ကြားမှာပါ စကားပြောဆိုမှုတွေ ရှိခဲ့ကြတယ်လို့ ခွန်ဒဲကိုယ်တိုင် ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဂွာဒီယိုလာဟာ သူရဲ့မန်စီးတီးအသင်းရဲ့ ခံစစ်ပိုင်းအတွက် ၂၀၁၉ခုနှစ်မှာ ဟာရီမက်ဂွိုင်းရား ၂၀၂၀ခုနှစ် ကာလီဒူကူလီဘလီတို့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သလို အဲ့ဒီအချိန်မှာပဲ ဆီဗီလာအသင်းနဲ့အတူ တောက်ပလာခဲ့တဲ့ ခံစစ်ကစားသမား ခွန်ဒဲကိုပါ ချဉ်းကပ်ခဲ့ပေမယ့် ဘယ်သူ့ကိုမှ မခေါ်ယူနိုင်ခဲ့လို့ နောက်ဆုံးမှာ ဘင်ဖီကာအသင်းရဲ့ နောက်ခံလူ ရူဘင်ဒီယက်စ်ကိုသာ ခေါ်ယူခဲ့ရတာ ဖြစ်ပါတယ်။ အသင်းဘက်က အမှန်တကယ် အလိုရှိတဲ့ နောက်ခံလူတွေ မရရှိခဲ့ပေမယ့််လည်း ရောက်ရှိလာခဲ့တဲ့ ဒီယက်စ်ကလည်း အသင်းအတွက် big impact ဖြစ်စေခဲ့တဲ့ အပြောင်းအရွှေ့ ဖြစ်လာခဲ့ရပြီး လက်ရှိအချိန်ထိ အသင်းရဲ့ အမာခံ ခံစစ်မှူးတစ်ဦးအဖြစ် ဆက်လက် စွမ်းဆောင်နေတာ ဖြစ်ပါတယ်။

Photo Credit : Daily Mail

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ မန်စီးတီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ပေမယ့် ရာသီအစမှာ အတော်လေး ရုန်းကန်ခဲ့ရပြီး လက်စတာအသင်းကို (၅)ဂိုး (၂)ဂိုးနဲ့ အရှက်တကွဲ အရေးနိမ့်ပြီးနောက်မှာ ခံစစ်ပိုင်းအတွက် ရူဘင်ဒီယက်စ်ကို မဖြစ်မနေ ခေါ်ယူလိုက်ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီယက်စ်ကို မခေါ်ယူခင်မှာ ဂွာဒီယိုလာကိုယ်တိုင်က ပြင်သစ်ခံစစ်မှူးလေး ခွန်ဒဲကို ခေါ်ယူချင်ခဲ့တာဖြစ်ပြီး ခွန်ဒဲ မရခဲ့လို့သာ ဒီယက်စ်ကို တခြား option အဖြစ်နဲ့ ခေါ်ယူလိုက်ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သတ်ပြီး ခွန်ဒဲက “ကျွန်တော် ဆီဗီလာအသင်းနဲ့ ပထမဆုံးရာသီမှာပဲ ဂွာဒီယိုလာက ကျွန်တော့်ကို ဆက်သွယ်ခဲ့ပါတယ်။ သူက ကျွန်တော် ကစားတာကို နှစ်သက်ကြောင်း ပြောဆိုခဲ့ပြီး ကျွန်တော်က စီးတီးရဲ့ကစားပုံနဲ့ အံ့ဝင်ခွင်ကျ ဖြစ်လိမ့်မယ်လို့ သူ ယုံကြည်ကြေင်း ပြောပါတယ်။ ကျွန်တော်က ဂွာဒီယိုလာ ဇာဗီ သူတို့နှစ်ယောက်လုံးနဲ့ ဘောလုံးအကြောင်းတွေ အများကြီး ပြောခဲ့တယ်။ သူတို့နှစ်ယောက်လုံးက ကျွန်တော် ကစားတာကို မြင်တွေ့ထားပြီး ကျွန်တော်ရဲ့ အရည်အချင်းတွေကို အပြည့်အဝ သိထားခဲ့ကြတယ်ဆိုတာကို ကျွန်တော် နားလည်ခဲ့တယ်။ သူတို့နဲ့ ဒီအတိုင်း စကားပြောရုံတင် မဟုတ်ပဲ တိကျတဲ့ စကားဝိုင်းတွေ ဖြစ်ခဲ့ပါတယ်” လို့ ပြောဆိုလိုက်ပါတယ်။ ခွန်ဒဲဟာ ဒီနှစ် နွေဈေးကွက်မှာပဲ ဆီဗီလာကနေ ဘာစီလိုနာအသင်းဆီကို ယူရိုသန်း(၅၀)နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိမှာ အသင်းအတွက် (၃)ပွဲသာ ကစားထားရပေမယ့် (၃)ဂိုး ဖန်တီးထားနိုင်ခဲ့ပါတယ်။

Exit mobile version