စပါးအသင်းရဲ့ နည်းပြဟောင်း၊ လက်ရှိ အသင်းလက်မဲ့ ဖြစ်နေတဲ့ နည်းပြ ပိုချယ်တီနိုက မက်ဆီ အနေနဲ့ ပရီးမီးယားလိဂ် ပြိုင်ပွဲကို လာရောက် ကစားရင်ပဲ ဖြစ်ဖြစ်၊ စပိန်လာလီဂါ ပြိုင်ပွဲမှာ ဆက်ပြီး ကစားရင်ပဲ ဖြစ်ဖြစ်၊ ဘယ်လိဂ်မှာပဲ ဖြစ်ဖြစ် အကောင်းဆုံး ဖြစ်နေလိမ့်မယ်လို့ ပြောသွားခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ပွဲစဉ်မှာ ဘိုင်ယန်အသင်းကို (၈-၂) ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပြီး ဖလား လက်မဲ့နဲ့ ရာသီကုန်ဆုံးခဲ့ပြီးတဲ့နောက် ဘာစီလိုနာအသင်းကို အသင်းကနေ ထွက်သွားချင်တယ်လို့ ပြီးခဲ့တဲ့ အပတ်က စာပို့ အကြောင်းကြားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မက်ဆီ ဘာစီလိုနာအသင်းကနေ ထွက်သွားချင်တယ်လို့ သတင်းထွက်လာပြီး သိပ်မကြာခင်မှာပဲ ဥရောပ ထိပ်သီးအသင်းတွေက ခေါ်ယူဖို့ အပြိုင်အဆိုင် ကြိုစားလာခဲ့ကြပြီး လက်ရှိမှာတော့ နည်းပြ ပက် ဂွါဒီယိုလာရဲ့ မန်စီးတီးအသင်းက ခေါ်ယူနိုင်ချေ အရှိဆုံး ဖြစ်တယ်လို့ သတင်း ထွက်နေပါတယ်။ မက်ဆီကို ဘာစီလိုနာအသင်းကနေ ခေါ်ယူချင်တယ် ဆိုရင် စာချုပ် ဖျက်သိမ်းကြေး ယူရို သန်း (၇၀၀) ပေးရမှာ ဖြစ်တယ်လို့ လာလီဂါ အဖွဲ့ချုပ်က စာစောင် ထုတ်ပြန်ခဲ့ပြီး နည်းပြ ပိုချယ်တီနိုက မက်ဆီအနေနဲ့ ဘယ်လိဂ်ပြိုင်ပွဲမှာ ကစားပါစေ အကောင်းဆုံး ဖြစ်နေမယ်လို့ ပြောကြားခဲ့ပါတယ်။

Photo Credit: Goal

Ole သတင်းမှာ အသင်းလက်မဲ့ နည်းပြ ပိုချယ်တီနိုက “ဘယ်အရာမဆို ဖြစ်လာနိုင်တယ်။ မက်ဆီ အနေနဲ့ သူ ကစားချင်တဲ့ နေရာမှာ ကစားပါလိမ့်မယ်။ စပိန်မှာ ဖြစ်ဖြစ်၊ ပရီးမီးယားလိဂ်မှာ ဖြစ်ဖြစ်၊ သူက ဘယ်လိဂ်ပြိုင်ပွဲမှာ ကစားပါစေ အကောင်းဆုံး ဖြစ်နေပါလိမ့်မယ်”လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ပိုချယ်တီနိုဟာ ဘာစီလိုနာအသင်းမှာ နည်းပြ ဗယ်ဗာဒီ ထုတ်ပယ်ခံခဲ့ရစဉ်က ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ကမ်းလှမ်းခံခဲ့ရပေမယ့်လည်း သူက ဘာစီလိုနာအသင်းကို ဘယ်တော့မှ နည်းပြမှာ မဟုတ်ဘူးလို့ (၂၀၁၈) ခုနှစ်မှာ အတိသလင် ပြောသွားခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာ ပိုချယ်တီနိုက “အချို့အသင်းတွေကို နည်းပြရတာထက် စာရင်တော့ဗျာ၊ ကျွန်တော် အာဂျင်တီးနားနိုင်ငံက လယ်ထဲမှာ အလုပ်လုပ်ဖို့ ပိုကြိုက်ပါတယ်”လို့ ငြင်းခဲ့ဖူးပါတယ်။