ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ မက်သာအူအယ်လီမန်နီဟာ လက်ရှိမှာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှာရှိတဲ့ မန်ချက်စတာစီးတီးအသင်းရဲ့ ရုံးချုပ်ကို ရောက်ရှိလျက်ရှိနေပြီး ကစားသမား အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်လျက်ရှိနေတယ် ဆိုပေမယ့်လည်း နဂိုကတည်းက ပစ်မှတ်ထားနေတဲ့ ရာဟင်စတာလင်အတွက် ဆွေးနွေးမှု လုပ်ဆောင်နေတာလား လတ်တလောမှာ သတင်းတွေ ထွက်နေတဲ့ ဖယ်ရန်တောရက်စ်ရဲ့ အပြောင်းအရွှေ့အတွက်ပဲ ဆွေးနွေးမှု လုပ်နေသလားဆိုတာကိုတော့ အသေးစိတ် မသိရှိထားရပါဘူး။

Photo Credit : All Football

ဘာစီလိုနာအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားမြင့်တင်ချင်နေတဲ့အတွက် မန်စီးတီးအသင်းရဲ့ အင်္ဂလန်တောင်ပံ ကစားသမား ရာဟင်စတာလင်ကို အလိုရှိနေပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေအရ လာမယ့် ဆောင်းစျေးကွက်ထဲမှာ အငှားကမ်းလှမ်းမှုသာ လုပ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာ မန်စီးတီးအသင်းအတွက် ပြန်လည်ခြေစွမ်းပြလို့နေတဲ့ စတာလင်ကို မန်စီးတီးဘက်ကနေ လက်မလွတ်ချင်ပေမယ့် ကစားသမားကိုယ်တိုင်က ပွဲကစားချိန်တွေ ပိုမိုအလိုရှိနေတဲ့အတွက် အသင်းအပြောင်း်အရွှေ့ လုပ်ဖို့ကိုသာ ဆန္ဒပြင်းပြနေပါတယ်။

Photo Credit : All Football

ဒီလို အခြေအနေမျိုး ရှိနေတဲ့ စတာလင်ကို မန်စီးတီးအသင်းဘက်ကနေ လက်လွတ်သွားမယ်ဆိုရင်တောင်မှ ရာသီဝက်အငှားဆိုတဲ့ ကာလတို အနေအထားမျိုးနဲ့သာ လက်လွတ်သွားဖွယ် ရှိနေပြီး အငှား+အပြီးသတ်ခေါ်ယူမှု စာချုပ်တွေကို ထည့်သွင်းကမ်းလှမ်းတာမျိုးကိုတော့ လုံးဝပယ်ချသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းဘက်ကတော့ စတာလင်အပြင် နောက်ထပ် မန်စီးတီးရဲ့ ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်တဲ့ စပိန်ကစားသမားလေး ဖယ်ရန်တောရက်စ်ကိုပါ မျက်စိကျလို့နေပြီး အခုလို အားကစားဒါရိုက်တာ ရောက်ရှိလာကခြင်းကလည်း ဖယ်ရန်တောရက်စ်ရဲ့ အပြောင်းအရွှေ့ ကိစ္စကြောင့်ပါ ဖြစ်နိုင်ခြေ ရှိနေပါတယ်။ သတင်းအရင်းအမြစ်တွေရဲ့ ဖော်ပြချက်တွေအရ ဘာစီလိုနာဘက်က စတာလင်ကို ဦးစားပေး ကမ်းလှမ်းလာမှာ ဖြစ်ပေမယ့်လည်း စတာလင်ကို ကမ်းလှမ်းလို့ အဆင်မပြေခဲ့ဘူးဆိုရင် ဖယ်ရန်တောရက်စ်ကို ပြောင်းလဲကမ်းလှမ်းလာမယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကစားသမား(၂)ယောက်လုံးက မန်စီးတီးရဲ့ တိုက်စစ်ပိုင်းမှာ အရေးပါလှတဲ့ ကစားသမားတွေဖြစ်သလို လက်ရှိ တန်ကြေးတွေအရလည်း မြင့်မားလွန်းနေတဲ့ ကစားသမားတွေဖြစ်လို့ ဘာစီလိုနာဘက်ကနေ အရခေါ်ယူနိုင်ဖို့ဆိုတာက အတော်လေး ခက်ခဲလွန်းနိုင်ပါတယ်။