စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်း ကတော့ ဩစတီးယန်း မက်ဆီလို့ နာမည်ကြီးနေတဲ့ ဩစတီးယား လူငယ် ကစားသမား ယူဆက် ဒေမာကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာသွားပါတယ်။

အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ယူဆက် ဒေမာဟာ ကွင်းလယ်တိုက်စစ် ၊ ဘယ်တောင်ပံ ၊ ညာတောင်ပံ စတဲ့ နေရာစုံမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ လျင်မြန်မှု ၊ အတိုးအလှုပ် ကောင်းမွန်မှုနဲ့ ဘောလုံးအမြင်တွေဟာ အတော်လေးကို ကောင်းမွန်ပြီး အနာဂတ်မှာ အောင်မြင်တဲ့ ကစားသမား တဦး ဖြစ်လာဖို့ ထင်ကြေးပေးခံထားရသူပါ။

Photo Credit: Standard

ဒါကြောင့်ပဲ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရပေမယ့် ဘာစီလိုနာအသင်းဟာ ဒေမာကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပြီး ဒေမာကို တရာသီအငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဒေမာကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့ ဗီယင်နာအသင်းကို ပေါင် ၄၅၀၀၀၀ ပေးချေခဲ့ရကာ အကယ်၍ ဒေမာရဲ့ ခြေစွမ်းကို သဘောကျပါက ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၁၀သန်းနဲ့ ခေါ်ယူနိုင်ဖို့ သဘောတူညီမှု ရထားပါတယ်။

Photo Credit: Standard

ဒေမာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဗီယင်နာအသင်း အတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၉ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အဆိုပါ စွမ်းဆောင်ရည်ဟာ အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ကစားသမား တဦး အတွက် တကယ်ကို ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ်။

ဒေမာဟာ ဘာစီလိုနာအသင်းထံ ရောက်ရှိလာပေမယ့် အသင်းကြီးမှာ ကစားခွင့် ရဦးမှာ မဟုတ်ပဲ Barcelona B အသင်းမှာသာ ဦးစွာ ကစားရမှာ ဖြစ်ကာ ရာသီဝက်ကာလကို ရောက်ရှိတဲ့ အချိန်မှသာ သူ့ရဲ့ခြေစွမ်းအပေါ် မူတည်ပြီး အသင်းကြီးထံ ပြောင်းရွှေ့ ကစားခွင့် ရမှာပါ။