စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ အသင်းရဲ့ ကစားပုံဟာ ထင်ထားသလောက် ကောင်းမွန်ခြင်း မရှိသလို ရလဒ်ကောင်းတွေ ရရှိဖို့လည်း ရုန်းကန်နေရတာကြောင့် အသင်းရဲ့နည်းပြ ရော်နယ်ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက် ချထားကြောင်း စပိန်အခြေစိုက် သတင်းဌာန အများစုက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီ အစမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ မက်ဆီ ၊ ဂရစ်ဇ်မန်း စတဲ့ ကစားသမားတွေကို ဆုံးရှုံးထားရသလို ဖာတီ ၊ ဒမ်ဘီလီ စတဲ့ ကစားသမားတွေဟာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် လူစာရင်းပိုင်းအရ အားနည်းမှုတွေ ရှိနေပြီး ရလဒ်တွေလည်း ဆိုးရွားနေပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၅ပွဲ ကစားထားရာ ၂ပွဲသာ အနိုင်ရထားပြီး ၂ပွဲသရေ ၁ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားကာ သွင်းဂိုး ၈ဂိုး သွင်းယူနိုင်ခဲ့သလို ပေးဂိုးကလည်း ၈ဂိုး အထိ ရှိခဲ့ပါတယ်။

ဘာစီလိုနာလို အသင်းကြီးတသင်း အနေနဲ့ ၅ပွဲကစားထားရာ သွင်းဂိုး ၈ဂိုးပဲ ရရှိထားတာက အတော်လေး ဆိုးဝါးတဲ့ မှတ်တမ်းတရပ် ဖြစ်ပြီး ခံစစ်ပိုင်းကလည်း ၅ပွဲစလုံးမှာ ပေးဂိုးတွေ ပေးထားရပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ဟာ ရလဒ်တွေ ဒီထက်ပိုမို မဆိုးခင် ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ဖို့ ဆုံးဖြတ်ခဲ့ကြပြီး ယခုအချိန်မှာတော့ ကိုးမန်းရဲ့နေရာကို အစားဝင်နိုင်မယ့် နည်းပြတဦးကို ရှာဖွေနေပါတယ်။

Photo Credit: Marca

ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်း ဇာဗီ ၊ ဘယ်လ်ဂျီယံ လက်ရွေးစင်နည်းပြ မာတီနက်ဇ် ၊ ဂျာမဏီ လက်ရွေးစင် နည်းပြဟောင်း ဂျိုအာချင်လိုတို့ကို ကိုးမန်းရဲ့ နေရာမှာ အစားထိုးဖို့ အတွက် မျက်စိကျနေပြီး နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ စတင် ချိတ်ဆက်မှုတွေ ပြုလုပ်နေကာ အကယ်၍ နည်းပြသစ် ခန့်အပ်ဖို့ သဘောတူညီမှု ရတာနဲ့ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်သွားမယ်လို့ သိရပါတယ်။