ဘာစီလိုနာအသင်းဟာ ဒီရက်ပိုင်းမှာပဲ သူတို့အသင်းနဲ့ အပြောင်းအရွှေ့ကောလဟာလသတင်းတွေ ထွက်ပေါ်လို့နေတဲ့ ဂူစတာဗိုမိုင်ယာလို့ အမည်ရှိ ဆယ်ကျော်သက်အရွှယ် ဘရာဇီးလူငယ် တိုက်စစ်ကစားသမားလေးကို နာမည်ကြီး ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းကနေ ပြောင်းရွှေ့ကြေး ယူရို(၄.၅)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး ESPN သတင်းရဲ့ဖော်ပြချက်တွေမှာလည်း ဒီအပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ဆော်ပေါ်လိုဘက်ကနေ အတည်ပြုသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

ဘာစီလိုနာအသင်းဟာ တောင်အမေရိက ကစားသမားတွေကို မကြာခဏ ခေါ်ယူလေ့ရှိတဲ့အသင်းဖြစ်ပြီး အာဂျင်တီးနားနဲ့ ဘရာဇီးတို့ုလို တောင်အမေရိက ထိပ်သီးနိုင်ငံတွေမှာ ကင်းထောက်တွေကိုစေလွှတ်ကာ အရည်အသွေးလူငယ်လေးတွေကိုလည်း ခေါ်ယူလေ့ရှိပါတယ်။ အခုလည်း အသက်(၁၉)နှစ်သာရှိသေးတဲ့ တိုက်စစ်ကစားသမားလေး မိုင်ယာကို ခေါ်ယူဖို့ စိတ်ဝင်စားလာခဲ့တာကြောင့် ယူရို(၁)သန်းခန့်နဲ့ အရင်ဆုံးကြိုးပမ်းခဲ့ရာ နောက်ထပ် ယူရို(၃.၅)သန်း ပေးလိုက်မှသာ ဆော်ပေါ်လိုဘက်ကနေ ရောင်းချသွားဖို့ သဘောတူညီနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : TEAMtalk

ဘာစီလိုနာအသင်းဟာ မိုင်ယာကို ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ကျင်းပခဲ့တဲ့ Sao Youth Football Cup ပြိုင်ပွဲကနေ စတင်သတိထားမိခဲ့တာဖြစ်ပြီး မိုင်ယာကို ဘာစီလိုနာအပြင် လီဗာပူးလ်နဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းတွေကပါ စိတ်ဝင်စားခဲ့ရပါတယ်။ ဆော်ပေါ်လိုလူငယ်အသင်းမှာ ခြေစွမ်းပြနေနိုင်သလို ဘရာဇီးယူ-၁၆ နဲ့ ယူ-၁၇အသင်းတွေအတွက်လည်း ခြေစွမ်းကောင်းတွေ ပြသလို့ထားတဲ့ မိုင်ယာဟာ သူရဲ့ပြေးအားတွေ အဆုံးသတ်ကောင်းမွန်မှုတွေကြောင့် ဥရောပကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုကို အချိန်တိုလေးအတွင်းမှာပဲ ရရှိလာခဲ့ရတာဖြစ်ပြီး အားလုံးထက် ဘာစီလိုနာအသင်းကနေ လက်ဦးမှု ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ မိုင်ယာဟာ လာမယ့်နှစ်ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းသားတစ်ယောက် ဖြစ်လာတော့မှာဆိုပေမယ့် စီနီယာအသင်းကြီးနဲ့ ချက်ချင်းပူးပေါင်းခွင့်ရမလား ဒါမှမဟုတ် ဘာစီလိုနာလူငယ်အသင်းမှာပဲ စတင်ကစားရမလား ဒါမှမဟုတ်သေးရင်လည်း ကလပ်အသင်းတစ်သင်းသင်းဆီမှာ တစ်ရာသီအငှားလောက်နဲ့ သွားရောက်ကစားရမလားဆိုတာကတော့ သေချာမသိရှိရသေးပါဘူး။