စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ အင်္ဂလန် ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့သလို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့လည်း မရေမရာ ဖြစ်နေတဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ် လက်ရွေးစင် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသလို ဒီရာသီမှာ သူ့ရဲ့ ခြေစွမ်းကောင်းတွေနဲ့ အတူ လီဗာပူးကို အကောင်းဆုံး အကျိုးပြုထားနိုင်တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Telegraph

ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူး အတွက် ပြိုင်ပွဲစုံ ၃၅ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၈ဂိုး အထိ သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၁၀ကြိမ် အထိ ပြုလုပ်ထားနိုင်သူ ဖြစ်ပေမယ့် လီဗာပူးနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေရာမှာ နှစ်ဦးနှစ်ဖက်ကြား သဘောတူညီမှု ရရှိဖို့ ခက်ခဲနေပါတယ်။

ဆာလာဟာ လီဗာပူးမှာ တပတ် လုပ်ခလစာ ပေါင် ၂သိန်းကျော် ရရှိနေပြီး သူက စာချုပ်သစ်မှာ တပတ် လုပ်ခလစာ ပေါင် ၄သိန်း အထိ လိုချင်နေကာ လီဗာပူးဘက်က ဆာလာကို တပတ် လုပ်ခလစာ ပေါင် ၃သိန်းထက် ပိုမပေးချင်တာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ ခက်ခဲနေတာပဲ ဖြစ်ပါတယ်။

Photo Credit: Telegraph

နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ AS သတင်းဌာန ကတော့ ဘာစီလိုနာဟာ လီဗာပူးနဲ့ ဆာလာတို့ ကြားမှာ စာချုပ်သစ် ချုပ်ဆိုဖို့ ခက်ခဲနေမှုကို အခွင့်ကောင်းယူကာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာပဲ ဆာလာကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိနေပြီး ဆာလာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၈သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ စီစဉ်နေကာ လီဗာပူးဘက်ကလည်း စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ တိုက်စစ်မှူးကို ယူရို ၆၈သန်းနဲ့ ရောင်းချလိမ့်မယ်လို့ ယူဆနေကြောင်း ဖော်ပြထားပါတယ်။

အင်္ဂလန် အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရလည်း ဘာစီလိုနာဟာ ဆာလာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း အတည်ပြုပေးထားပြီး ဆာလာက လီဗာပူးနဲ့ စာချုပ်သစ် မချုပ်ဆိုနိုင်ရင် လာမယ့် နွေအပြောင်းအရွှေ့မှာပဲ အသင်းပြောင်းဖို့ စီစဉ်ထားကြောင်း သိရပါတယ်။