စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဂျာမန် အင်အားကြီးအသင်း ဘိုင်ယန်မြူးနစ်ကို ၈-၂ ဆိုတဲ့ ရလဒ်နဲ့ အံ့အားသင့်ဖွယ်ရာ ကောင်းလောက်အောင် ရှုံးနိမ့်ခဲ့ရ အပြီးမှာတော့ နည်းပြဖြစ်သူ ဆက်တီယန်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီ လို့ သိရပါတယ်။ ဘာစီလိုနာအသင်း ဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဂိုးပြတ် ၊ ခြေပြတ် အရေးနိမ့်ခဲ့ရတာ ဖြစ်ပြီး ပွဲစဉ်အတွင်းမှာ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့သလို ခံစစ်ပိုငိးကလည်း အလွယ်တကူ သွင်းဂိုးတွေ ခွင့်ပြုခဲ့ရကာ ကိုယ်ပိုင် ကစားဟန်တစ်ခုလည်း ပျောက်ဆုံးခဲ့ပါတယ်။

Photo Credit: Evening Standard

ဒါ့ကြောင့်လည်း ဘာစီလိုနာအသင်းဟာ ဘိုင်ယန်နဲ့ပွဲစဉ် အပြီးမှာတော့ နည်းပြဖြစ်သူ ဆက်တီယန်ကို ထုတ်ပယ်ဖို့ ဆုံးဖြတ်လိုက်ပြီ ဖြစ်တယ်လို့ နာမည်ကြီး သတင်းဌာနတွေက တစ်ပြိုင်နက်ထဲ ဖော်ပြသွားခဲ့ကြပါတယ်။ နာမည်ကြီး သတင်းထောက်တွေ ဖြစ်ကြတဲ့ Di Marzioနဲ့ Fabrizio Romano တို့ရဲ့ ဖော်ပြချက် အရလည်း ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ဘာတိုမြူဟာ ယခုရှုံးပွဲကို တာဝန်ယူကာ ရာထူး ကနေ နုတ်ထွက်သွားမှာ မဟုတ်ပဲ အသင်းရဲ့ တိုးတက်မှုနဲ့ ပြောင်းလဲမှုတွေကို တာဝန်ယူ လုပ်ဆောင် ရတဲ့ အသင်းရဲ့ နည်းပြဖြစ်သူ ဆက်တီယန်နဲ့ အဘီဒယ် ဦးဆောင်တဲ့ အားကစားဆိုင်ရာ စီမံမှုအသင်း တစ်ခုလုံးကို ရာထူးကနေ ထုတ်ပယ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Evening Standard

ဆက်တီယန်ကို ထုတ်ပယ်တဲ့ သတင်းကိုတော့ ဘာစီလိုနာအသင်းဟာ မကြာမီမှာပဲ တရားဝင် ကြေညာသွားဖွယ် ရှိနေပြီး ဆက်တီယန်ကို ထုတ်ပယ်ပြီးပါက စပါးအသင်းနည်းပြဟောင်း ပိုချက်တီနိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ စတင်နေပြီ ဖြစ်ကြောင်းလည်း Cadena SER သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။ Cadena SER သတင်းဌာနရဲ့ အဆိုအရတော့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ဘာတိုမြူဟာ ယခုတစ်ပတ် အစောပိုင်းမှာပဲ ပိုချက်တီနိုနဲ့အတူ ညစာ စားကာ အသင်းရဲ့နည်းပြအဖြစ် ခန့်အပ်ဖို့ စည်းရုံးခဲ့ကြောင်းလည်း သိထားရပါတယ်။ ပိုချက်တီနိုအပြင် ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေသူတွေ ကတော့ နယ်သာလန် နည်းပြ ရော်နယ်ကိုးမန်း နဲ့ အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ဇာဗီတို့ပဲ ဖြစ်ပါတယ်။