လွန်ခဲ့တဲ့ ၂၀၁၆ခုနှစ် ယူရိုပြိုင်ပွဲမှာရော ဒီနှစ်အတွင်း ကျင်းပခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာပါ ဘောလုံးပရိသတ်တွေ သဘောကျလောက်အောင် ခြေစွမ်းပြသနိုင်ခဲ့တဲ့ ပေါ်တူဂီ ကွင်းလယ်ကြယ်ပွင့် ကစားသမား ရီနာတိုဆန်းချက်စ်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲ မပြီးဆုံးခင်ကတည်းက ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှုကို ရရှိလို့နေတာဖြစ်ပြီး လက်ရှိမှာလည်း ဒီကစားသမားကို စပိန်ထိပ်သီးကလပ် ဘာစီလိုနာအသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

အသက်(၂၃)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် ကွင်းလယ်ကစားသမား ရီနာတိုဆန်းချက်စ်ဟာ ကျင်းပပြီးစီးသွားခဲ့တဲ့ ယူရို-၂၀၂ဝပြိုင်ပွဲမှာ ပေါ်တူဂီအသင်းအတွက် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်တာကြောင့် သူရဲ့အသင်းဟောင်း ဘိုင်ယန်မြူးနစ် အပါအဝင် ထိပ်တန်းကလပ်အသင်း များစွာကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ ဒီအသင်းတွေထဲမှာ လာလီဂါထိပ်သီး ဘာစီလိုနာအသင်းလည်း ပါဝင်လာခဲ့ပြီး အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့အတွက် ဆန်းချက်စ်လို အရည်အသွေးမြင့် ကစားသမားတစ်ဦးကို အလိုရှိလာခဲ့ပါတယ်။

ဒီလို အသင်းများစွာကနေ စိတ်ဝင်စားမှုကို ရရှိလို့နေတဲ့ ဆန်းချက်စ်ဟာ ပေါ်တူဂီအသင်းနဲ့အတူ ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ၂၀၁၆ခုနှစ်မှာပဲ ဘင်ဖီကာအသင်းကနေ ဘိုင်ယန်မြူးနစ်ဆီကို ပေါင်(၆၈)သန်းနဲ့ ရောက်ရှိလာခဲ့ရတာဖြစ်ပေမယ့် ဘိုင်ယန်မှာ ပွဲထွက်ခွင့်တွေ မရရှိခဲ့တာကြောင့် ဆွမ်ဆီးအသင်းဆီ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့သလို ၂၀၁၉ခုနှစ်မှာတော့ လိုင်လီအသင်းဆီကိုပါ အပြီးသတ်ပြောင်းရွှေ့ခဲ့ရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လိုင်လီအသင်းနဲ့အတူ ပြင်သစ်လီဂူး ချန်ပီယံဆုကို ရယူထားနိုင်ခဲ့တဲ့ ရီနာဆိုဆန်းချက်စ်ကို ခေါ်ယူချင်နေတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ဆန်းချက်စ်အတွက် ပြောင်းရွှေ့ကြေးသီးသန့်နဲ့ အပြီးသတ် ခေါ်ယူနိုင်မှာ မဟုတ်တာကြောင့် တစ်ရာသီအငှားကိုမှ အငှားစာချုပ်ပြည့်ချိန်မှာ အပြီးသတ်ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။ ဒါပေမယ့် ဒီကစားသမားကို ဘာစီလိုနာတစ်သင်းတည်းမဟုတ်ပဲ ကလပ်အသင်းပေါင်းများစွာက စိတ်ဝင်စားနေတာဖြစ်လို့ ဘာစီလိုနာအနေနဲ့ ခက်ခက်ခဲခဲ ကမ်းလှမ်းရနိုင်ပြီး လိုင်လီအသင်းဘက်ကလည်း ဘောလုံးရာသီသစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိထားတာဖြစ်လို့ ဆန်းချက်စ်လို အသင်းအတွက် အရေးပါတဲ့ ကစားသမားမျိုးကို ဆက်လက်ထိန်းသိမ်းသွားချင်နေမှာ သေချာပါတယ်။