စပိန် အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ လက်ရှိမှာ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမား အဖြစ် ခြေစွမ်းပြနေတဲ့ ပြင်သစ် လူငယ် တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရှိခဲ့ပေမယ့် မခေါ်ယူခဲ့ကြောင်း အသင်းရဲ့ ဒါရိုက်တာဟောင်း ဖြစ်သူ ဘောဒက်စ်က ဖွင့်ဟ ပြောပြ သွားခဲ့ပါတယ်။ လက်ရှိမှာ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ အမ်ဘာပေဟာ အသက်-၂၃နှစ်အောက် လူငယ် အကောင်းဆုံး ကစားသမား အဖြစ် ဘောလုံးကမ္ဘာ တစ်ခုလုံးရဲ့ သတ်မှတ်ခြင်းကို ခံထားရသူ တစ်ဦးဖြစ်ပြီး လက်ရှိမှာ သူ့ရဲ့ တန်ကြေးဟာ အနိမ့်ဆုံး ယူရို ၂၀၀သန်းကျော် ရှိနေပါတယ်။

Photo Credit: Mundo Deportivo

ပြင်သစ်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားကို ရယူထားနိုင်ခဲ့တဲ့ အမ်ဘာပေဟာ ပြင်သစ် ကလပ် မိုနာကို အသင်းရဲ့ လူငယ် အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ပီအက်စ်ဂျီအသင်း ထံကို ၂၀၁၇ခုနှစ်ကမှ တစ်ရာသီအငှား + ယူရို ၁၃၅သန်းနဲ့ ပြောင်းရွှေ့ခဲ့သူပါ။ ၂၀၁၇ ခုနှစ်ဟာ ဘာစီလိုနာအသင်း အနေနဲ့ အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်သူ နေမာကို လက်လွှတ် ဆုံးရှုံးခဲ့ရတဲ့ နှစ်ဖြစ်ပြီး နေမာ ကို လက်လွှတ်ခဲ့ရပြီး နောက်မှာ ဘာစီလိုနာ အသင်းဟာ နေမာရဲ့ နေရာအတွက် အစားထိုးမှုအဖြစ် ဒေါ့မွန် အသင်းရဲ့ လူငယ် တောင်ပံ ကစားသမား ဒမ်ဘီလီကို ပြောင်းရွှေ့ကြေး ယူရို ၁၃၀သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဘောဒက်စ်ရဲ့ အဆိုအရ ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီကို မခေါ်ယူခင်မှာ အမ်ဘာပေကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့် မခေါ်ယူဖြစ်ခဲ့ကြောင်း ဆိုသွားပါတယ်။

Photo Credit: Mundo Deportivo

အမ်ဘာပေကို ခေါ်ယူဖို့ အခွင့်အရေး ရခဲ့တာနဲ့ ပတ်သတ်ပြီး ဘောဒက်စ်က “ကျွန်တော်တို့တွေ ဒမ်ဘီလီကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အချိန်မှာ အမ်ဘာပေကို ယူရို ၁၀၀သန်းထဲနဲ့ ခေါ်ယူနိုင်မယ့် အခွင့်အရေးကို ရခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒမ်ဘီလီကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ ဒမ်ဘီလီဟာ အသင်းလိုက် စုဖွဲ့ ကစားတတ်သလို တောင်ပံ ကစားသမား ဖြစ်တာကြောင့် နေမာရဲ့ နေရာအတွက် အကောင်းဆုံး အစားထိုးမှုအဖြစ် ရှုမြင်ခဲ့လိုပါ။ အမ်ဘာပေက တိုက်စစ်မှူးတစ်ဦး အဖြစ် ပိုပြီး ကစားတတ်တယ်လေ” ဆိုပြီး ရှင်းပြ သွားခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာ အမ်ဘာပေနဲ့ ဒမ်ဘီလီတို့ဟာ ထိပ်တန်း လူငယ် ကစားသမားတွေ ဖြစ်ကြပေမယ့် လက်ရှိမှာတော့ အမ်ဘာပေဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဆယ်ဦးစာရင်းဝင် ကစားသမား ဖြစ်နေပြီး ဒမ်ဘီလီကတော့ လူငယ် ကြယ်ပွင့် ဆိုတဲ့ နေရာမှာသာ ကျန်နေခဲ့ပါတယ်။