ပြီးခဲ့တဲ့ နွေစျေးကွက်ကတည်းက မန်စီးတီးအသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ဒဏ်ရာပြသာနာကြောင့် အခုချိန်အထိ အသင်းအတွက် တစ်ပွဲတစ်လေမှကို ပါဝင်နိုင်ခြင်း မရှိသေးတဲ့ တိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း အစီအစဉ်တွေကိုပါ ပါဝင်လုပ်ဆောင်လျက် ရှိနေပြီဖြစ်လို့ သတ်မှတ်ထားတဲ့ ကာလထက်ကို စောစီးစွာနဲ့ ပြန်လည်ကစားပေးနိုင်တော့မယ်လို့ သိရှိရပါတယ်။

Photo Credit : Barca Universal

အသက်(၃၃)နှစ်အရွှယ်ရှိ အာဂျင်တီးနား တိုက်စစ်ကစားသမား အဂွဲရိုးဟာ မန်စီးတီးကနေ ဘာစီလိုနာအသင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ရာသီကြို ခြေစမ်းပွဲတွေအတွက် လေ့ကျင့်ခန်း ပြုလုပ်နေစဉ်အတွင်းမှာပဲ ညာဘက်ခြေသလုံးဒဏ်ရာကို ရရှိသွားခဲ့တာ ဖြစ်ပါတယ်။ ဒီဒဏ်ရာကြောင့် အဂွဲရိုးဟာ အသင်းအတွက် တစ်ပွဲမှကို မကစားလိုက်ရပဲ လာမယ့် နိုဝင်ဘာလလောက်အထိ အနားယူရလိမ့်မယ်လို့ တွက်ဆထားခဲ့ပေမယ့် သတ်မှတ်ထားတဲ့ အချိန်ကာလထက် စောစီးစွာ သက်သာလာခဲ့တာကြောင့် အခု အောက်တိုဘာလအတွင်းမှာပဲ အသင်းအတွက် စတင်ပါဝင်ပေးနိုင်ဖွယ် ရှိနေပါတယ်။

Photo Credit : Today in 24 English

လတ်တလောမှာလည်း ဘာစီလိုနာအသင်းဟာ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ရလဒ်ပိုင်းတွေက ကျဆင်းလျက်ရှိနေပြီး ဒီလိုအခြေအနေမျိုးမှာ အဆုံးသတ်ကောင်းမွန်တဲ့ အဂွဲရိုးလို အတွေ့အကြုံရင့် ကစားသမားတစ်ဦး ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခြင်းက အသင်းကို အားတတ်စေမှာ သေချာပါတယ်။ အဂွဲရိုးလိုပဲ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ပြင်သစ်တောင်ပံ တိုက်စစ်ကစားသမားဖြစ်သူ အူစမန်ဒမ်ဘီလီမှာလည်း ဒဏ်ရာကနေ သက်သာလာပြီဖြစ်လို့ အဂွဲရိုးနဲ့အတူ လေ့ကျင့်ခန်းတွေ ပြုလုပ်လျက်ရှိနေသလို မကြာခင်မှာပဲ အသင်းအတွက် ပြန်လည်ကစားပေးနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မကြာခဏဆိုသလို ဒဏ်ရာတွေနဲ့ လုံးပန်းနေရတဲ့ ဒမ်ဘီလီကတော့ အခုနှစ် ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို အသင်းဘက်ကလည်း သူရဲ့အခြေအနေကို စောင့်ကြည့်နေဆဲသာဖြစ်ပြီး သက်တမ်းမတိုးပဲ အသင်းကနေ လက်လွတ်လိုက်မယ်ဆိုရင်တော့ ဒီကစားသမားကို လီဗာပူးလ် ယူနိုက်တက် အာဆင်နယ် ဘိုင်ယန်နဲ့ ဂျုဗင်တပ်စ်အသင်းတွေကနေ အပြိုင်ကမ်းလှမ်းဖွယ် ရှိနေပါတယ်။