စပိန်လာလီဂါ အင်အားကြီး အသင်းနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဘာစီလိုနာ အသင်းတို့ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘိုင်ယန်မြူးနစ် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် သြစတီးယား နောက်ခံလူ အလာဘာကို ခေါ်ယူနိုင်ဖို့ ကြိုးစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာကြောင်း စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၈နှစ် အရွယ်သာ ရှိသေးတဲ့ အလာဘာဟာ ဘယ်နောက်ခံလူ ၊ ဗဟိုနောက်ခံလူ နေရာတွေမှာ ကစားနိုင်စွမ်းရှိသလို လိုအပ်ပါက ကွင်းလယ်လူ နေရာအထိ တက်ရောက် ကစားပေးနိုင်တဲ့ ထိပ်သီး ကစားသမား တစ်ဦးဖြစ်ပြီး သူ့ရဲ့ စာချုပ်ဟာ ၂၀၂၁ ခုနှစ် ဇွန်လအကုန် မှာ ကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

Photo Credit: Tribuna

အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး အသင်းရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်အသင်းက သူ့ကို အသင်းမှာ ဆက်လက် ထိန်းသိမ်း ထားလိုပေမယ့် အလာဘာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း သိရပါတယ်။ အထူးသဖြင့် အလာဘာဟာ စာချုပ်သစ်မှာ တစ်နှစ်လုပ်ခ ယူရို ၂ဝသန်းနဲ့ ၅နှစ်စာ ယူရို၁ဝဝသန်းအထိ ရရှိလိုနေပြီး အေးဂျင့်ကို ပေးချေရမယ့် ငွေကြေးနဲ့ပါ ပေါင်းလိုက်ရင် အလာဘာကို စာချုပ်သစ် ချုပ်ဆိုဖို့ ဘိုင်ယန်မြူးနစ် အသင်းဟာ ယူရို၁၂ဝသန်းခန့် ကုန်ကျဖွယ် ရှိပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းကတော့ ကစားသမား တစ်ဦးအတွက် အဆိုပါ ငွေကြေး ပမာဏကို ပေးချေလိုခြင်း မရှိတာကြောင့် အလာဘာကို အသင်းကနေ ထွက်ခွာခွင့် ပေးတော့မှာ ဖြစ်ကြောင်း ဂျာမန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။

Photo Credit: Tribuna

လက်ရှိမှာတော့ အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းဟာ အလာဘာကို ခေါ်ယူနိုင်ဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး သဘောတူညီမှု ရရှိဖို့ နီးစပ်နေပါတယ်။ စပိန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ မာကာကတော့ ယခုအချိန်မှာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ ဘာစီလိုနာအသင်းတို့ဟာ အလာဘာကို ခေါ်ယူဖို့ အတွက် လှုပ်ရှားမှုတွေ စတင် ပြုလုပ် လာကြပြီး အဆိုပါ အင်အားကြီး အသင်းနှစ်သင်း ပါဝင် လာတာကြောင့် အလာဘာရဲ့ ဂျူဗင်တပ် အသင်းထံ ပြောင်းရွှေ့မယ့် အစီအစဉ်ဟာ နှောင့်နှေးသွားတယ် လို့ ဖော်ပြ လာပါတယ်။ အလာဘာကို ခေါ်ယူဖို့ လက်ရှိမှာ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့လို အသင်းတွေ ပါဝင်တာကြောင့် အလာဘာကို ဘယ်အသင်းက ရရှိသွားမလဲ ဆိုတာဟာ အတော်လေးကို စိတ်ဝင်စားစရာ ကောင်းနေပါတယ်။