ဒီရက်ပိုင်းအတွင်းမှာ မန်စီးတီးအသင်းရဲ့ တိုက်စစ်ကစားသမား ဆာဂျီယိုအဂွဲရိုးနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေးကို ထွက်ပေါ်လို့နေတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ကစားသမား အင်အားဖြည့်တင်းဖို့ လိုင်ယွန်အသင်းရဲ့ တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကိုသာ အသင်းရဲ့ အဓိကပစ်မှတ်အဖြစ်နဲ့ သတ်မှတ်ထားတာဖြစ်တယ်လို့ စပိန်အခြေစိုက် RMC Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Ligue 1

အသက်(၂၇)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းဟာ လိုင်ယွန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း(၂၀)အထိ သွင်းယူထားခဲ့သူဖြစ်ပါတယ်။ ဒီပိုင်းဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကနေ သူ့ကို သက်တမ်းတိုးဖို့ စီစဉ်နေပေမယ့် ဒီပိုင်းဘက်ကတော့ သက်တမ်းတိုးဖို့ကို ငြင်းဆန်ထားတာကြောင့် ဘာစီလိုနာအသင်းဘက်ကနေ ဒီပိုင်းကို ခေါ်ယူဖို့အတွက် စီစဉ်လာရတာဖြစ်ပါတယ်။

Photo Credit : Ligue 1

ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ရော်နယ်ကိုးမန်းက ဘာစီလိုနာကိုမတိုင်ခင် နယ်သာလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ရာမှာ ဒီပိုင်းနဲ့ အတူလက်တွဲခဲ့ဖူးတာကြောင့် အသင်းရဲ့တိုက်စစ်ပိုင်းအတွက် ဒီပိုင်းကို အလိုရှိနေတာဖြစ်ပါတယ်။ ကိုးမန်းဟာ ဒီပိုင်းကို ပြီးခဲ့တဲ့ နွေစျေးကွက်ကတည်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် လာမယ့်နွေမှာပဲ နောက်တစ်ကြိမ် ထပ်ကြိုးပမ်းသွားဖို့ စီစဉ်လာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းအတွက် အဂွဲရိုး ဟာလန်းနဲ့ ဒီပိုင်းတို့ကို ပစ်မှတ်ထားနေတာဖြစ်ပေမယ့်လည်း ဒေါ့မွန်အသင်းရဲ့ နော်ဝေကြယ်ပွင့် အာလင်းဟာလန်းအတွက် ပြောင်းရွှေ့ကြေးကို မြင့်မားစွာ ကမ်းလှမ်းရဖွယ် ရှိနေတာကြောင့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလို့ရနိုင်မယ့် ဒီပိုင်းနဲ့ အဂွဲရိုးတို့ကိုသာ ချိန်ရွှယ်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ အသင်းဥက္ကဌလာပေါ်တာက အသင်းမှာ မက်ဆီဆက်ရှိနေဖို့အတွက် သူရဲ့လက်ရွေးစင်အသင်းဖော် အဂွဲရိုးကို ခေါ်ယူချင်နေပေမယ့် အသင်းနည်းပြ ကိုးမန်းကတော့ သူရဲ့တပည့်ဟောင်း ဒီပိုင်းကိုသာ အလိုရှိနေတာကြောင့် လာပေါ်တာနဲ့ ကိုးမန်းတို့ကြား ညှိနှိုင်းရဖွယ် ရှိနေပါတယ်။