လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကျင်းပသွားတော့မယ့် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌသစ်ရွေးကောက်ပွဲမှာ ပါဝင်အရွေးခံသွားမယ့် ဥက္ကဌလောင်းလျာတစ်ဦးဖြစ်သူ တိုနီဖရေဇာက အသင်းရဲ့ တိုက်စစ်ကစားသမားဟောင်းဖြစ်တဲ့ နေမာဟာ လက်ရှိမှာဆိုရင် ဥရောပဘောလုံးနယ်ပယ်ရဲ့ အကောင်းဆုံးကစားသမား အယောက်(၃၀)စာရင်းမှာတောင် ပါဝင်နေခြင်းမရှိသလိုသူသာ အသင်းရဲ့ ဥက္ကဌအဖြစ် ရွေးချယ်ခံရမယ်ဆိုရင်လည်း နေမာကို ပြန်လည်ခေါ်ယူမှာမဟုတ်ဘူးလို့ ယတိပြတ်ပြောဆိုလိုက်ပါတယ်။

အသက်(၅၂)နှစ်အရွယ်ရှိ စပိန်လူမျိုး တိုနီဖရေဇာဟာ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်လာဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်သွားမယ့်သူဖြစ်ပြီး ဒီရွေးကောက်ပွဲမှာသာ အနိုင်ရသွားခဲ့မယ်ဆိုရင် အသင်းသားဟောင်းဖြစ်တဲ့ ဘရာဇီးတိုက်စစ်မှူးနေမာကို အသင်းဆီ လုံးဝပြန်ခေါ်သွားမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုလိုက်ပါတယ်။ က “နေမာက သူရဲ့စွမ်းဆောင်ချက်တွေအရဆိုရင် လက်ရှိ ဥရောပရဲ့အကောင်းဆုံးကစားသမား အယောက်(၃၀)စာရင်းထဲမှာတောင် ပါဝင်နေမှာမဟုတ်ပါဘူး။ ကျွန်တော်သာ အသင်းရဲ့ ဥက္ကဋ္ဌဖြစ်လာခဲ့မယ်ဆိုရင် သူ့ကို လုံးဝခေါ်ယူမှာ မဟုတ်ပါဘူး” လို့ ပြောဆိုလိုက်ပါတယ်။

အသက်(၂၈)နှစ်အရွယ်ရှိ ဘရာဇီးလက်ရွေးစင် တိုက်စစ်ကစားသမား နေမာဟာ ၂၀၁၃ ခုနှစ်ကမှ ဆန်းတို့စ်ကနေ ဘာစီလိုနာအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၄)နှစ်ပါဝင်ကစားခဲ့ပြီးနောက် လီဂူးထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဆီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့သွားခဲ့တာဖြစ်ပါတယ်။ နေမာဟာ ပြင်သစ်မြေကို ရောက်ရှိသွားခဲ့ပေမယ့်လည်း သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ မကြာခဏ ပေါ်ထွက်ခဲ့သလို သူကိုယ်တိုင်ကလည်း ဘာစီလိုနာနဲ့ ပြန်လည်ပူးပေါင်းဖို့ ဆန္ဒရှိကြောင်း ရင်ဖွင့်ခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်ရှိအနေအထားတွေအရ နေမာနဲ့ ဘာစီလိုနာတို့ ပြန်လည်ပူးပေါင်းဖို့က မလွယ်ကူတော့သလို အသင်းဥက္ကဌသစ် ဖြစ်လာနိုင်တဲ့ တိုနီဖရေဇာကလည်း နေမာလို ကစားသမားမျိုးကို ခေါ်ယူမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် ဖရေဇာက အသင်းရဲ့ အဓိက ကစားသမား လီယွန်နယ်မက်ဆီကိုတော့ အသင်းမှာ ဆက်လက်ထိန်းသိမ်းချင်နေပြီး မက်ဆီက တနေ့နေ့ တချိန်ချိန်မှာ အသင်းကနေ သေချာပေါက်ကို ထွက်ခွာသွားမယ်ဆိုတာကို သူနားလည်ပေမယ့် အဲ့လိုနေ့မျိုး ချက်ချင်းရောက်မလာနိုင်အောင် သူ့ဘက်က အကောင်းဆုံးကြိုးပမ်းသွားမယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။