၂၀၁၉-၂၀၂၀ ဘောလုံးရာသီကို ဖလားလက်မဲ့ရာသီအဖြစ် ရာသီသိမ်းခဲ့ရတဲ့ ဘာစီလိုနာအသင်းဟာ လာမယ့်ဘောလုံးရာသီမှာတော့ အသင်းအတွင်း ပြုပြင်ပြောင်းလဲမှုပေါင်းများစွာကို လုပ်ဆောင်သွားတော့မှာဖြစ်ပြီး လတ်တလောမှာလည်း နည်းပြဆယ်တီယန်နဲ့ အားကစားဒါရိုက်တာဖြစ်သူ အဘီဒယ်တို့ကို ရာထူးတွေကနေ အသီးသီးထုတ်ပယ်ခဲ့ရသလို ဘာစီလိုနာဥက္ကဌဘာတိုမြူကလည်း မနေ့ညက ပြုလုပ်သွားခဲ့တဲ့ အသင်းရဲ့အင်တာဗျူးအစီအစဉ်အတွင်း အသင်းရဲ့ ရှေ့ဆက်လုပ်ဆောင်သွားမယ့်အရာတွေအားလုံးကို ထည့်သွင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Mirror

အင်တာဗျူးအစီအစဉ်ထဲမှာ ဘာတိုမြူက မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ တိုက်စစ်ကစားသမား အူစမန်ဒမ်ဘီလီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းခံခဲ့ရာချိန်မှာ ဒမ်ဘီလီကို လုံးဝရောင်းထုတ်မှာမဟုတ်ပဲ ဒမ်ဘီလီအပြင် မက်ဆီ စတီဂန် ဆီမီဒို လွန်းဂလတ် ဒီဂျောင် ဂရစ်ဇ်မန်းတို့က အသင်းရဲ့ရောင်းကုန်တွေ မဟုတ်ဘူးလို့ ဖြေဆိုလာခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ဆယ်ကျော်သက်အရွှယ် လူငယ်ကြယ်ပွင့်လေး အန်ဆူဖာတီအတွက်ကိုလည်း ကမ်းလှမ်းမှုတွေ ရရှိထားခဲ့ပေမယ့် ဒီကစားသမားကို အသင်းကနေ လုံးဝရောင်းချမှာမဟုတ်ဘူးလို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။

Photo Credit : Mirror

ဆက်လက်ပြီးတော့လည်း ဘာတိုမြူက “မက်ဆီက ဒီအသင်းမှာပဲ သူရဲ့ကစားသမားဘဝကို အဆုံးသတ်သွားချင်တာပါ။ ကျွန်တော်က သူနဲ့ရော သူရဲ့ဖခင်နဲ့ပါ အမြဲတမ်းဆွေးနွေးပြောဆိုမှုတွေ လုပ်ဆောင်ထားပါတယ်။ သူက ကျွန်တော်တို့အသင်းရဲ့စီမံကိန်းကြီးထဲမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ရှိနေပါသေးတယ်။ ကိုးမန်းကလည်း ကျွန်တော်တို့ရဲ့နည်းပြသစ် ဖြစ်လာတော့မှာပါ။ ကိုးမန်းကိုယ်တိုင်က ကျွန်တော်တို့ရဲ့စီမံကိန်းသစ်အတွက် မက်ဆီက အဓိကကျတဲ့သူအဖြစ် ပါဝင်ရလိမ့်မယ်လို့ ကျွန်တော့်ကို ပြောထားပါသေးတယ်။ နေမာက အသင်းကို ပြန်လည်ရောက်လားမလားဆိုတော့ ပီအက်စ်ဂျီက သူ့ကို လုံးဝရောင်းချချင်မှာ မဟုတ်ဘူး။ မာတီနက်ဇ်နဲ့ ကျွန်တော်တို့အသင်းရဲ့ဆွေးနွေးမှုတွေကတော့ ဇွန်လကတည်းက ပြီးဆုံးသွားခဲ့ရပါပြီ။ လက်ရှိမှာ ဘာဆွေးနွေးမှုမှလည်း ရှိမနေတော့ပါဘူး။ အသင်းမှာက လစာပိုင်းမှာ အကန့်အသတ်တွေရှိလာခဲ့တဲ့ ပြသာနာနဲ့ ရင်ဆိုင်နေရတာပါ။ ကျွန်တော်တို့မှာ ဘတ်ဂျက်ရှိနေတယ်ဆိုပေမယ့် ကိုဗစ်ကြောင့် ဝင်ငွေတွေက နည်းပါးလာခဲ့တာကြောင့် လစာပိုင်းတွေကို အနည်းငယ်လျော့ချပြီး ကစားသမားသစ်တွေ ခေါ်ယူဖို့ လုပ်ဆောင်သွားပါမယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။