ဒီနှစ်ဘောလုံးရာသီမှာ ခံစစ်ပိုင်းက အရင်လိုမာကျောမှုတွေ သိပ်မရှိတော့တဲ့အပြင် စျေးကွက်အတွင်းမှာလည်း နောက်ခံလူတချို့ကို လက်လွတ်ရဖွယ်ရှိနေတဲ့ ဘာစီလိုနာအသင်းက သူတို့ရဲ့ကစားသမားဟောင်းဖြစ်တဲ့ အဲရစ်ဂါဆီယာကို မန်စီးတီးအသင်းကနေ ပြန်လည်ခေါ်ယူဖွယ်ရှိနေသလို ဒီနှစ်ဘောလုံးရာသီအတွင်းမှာ လက်စတာစီးတီးအသင်းအတွက် အတော်လေးကို ခြေစွမ်းပြကစားထားနိုင်ခဲ့တဲ့ တူရကီနောက်ခံကစားသမား ဆိုယန်ဂူကိုပါ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Premier League

အသက်(၂၄)နှစ်အရွှယ်ရှိ တူရကီလက်ရွေးစင် ဗဟိုနောက်ခံကစားသမား ကာဂလာဆိုယန်ဂူဟာ ဒီရာသီမှာ အသင်းဖော်ဂျွန်နီအီဗန်နဲ့ တွဲဖက်ပြီး လက်စတာရဲ့ခံစစ်အတွင်း အကောင်းဆုံးပုံစံနဲ့ ကစားနိုင်ခဲ့ပြီး မက်ဂွိုင်းယားရဲ့နေရာကိုပါ အစားထိုးနိုင်ခဲ့တာကြောင့် သူ့ကို ကလပ်အသင်းများစွာကနေ မျက်စိကျလာခဲ့ရပြီး အဲ့ဒီအသင်းတွေထဲမှာ ဘာစီလိုနာအသင်းပါ ပါဝင်လာခဲ့တယ်လို့ တူရကီဝက်ဆိုဒ် NTV Spor ကနေ ဖော်ပြလာခဲ့ပါတယ်။ အဲ့ဒီဝက်ဆိုဒ်ရဲ့ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ ဆိုယန်ဂူကို ခေါ်ယူဖို့အတွက် ဆက်သွယ်မှုတွေတောင် ပြုလုပ်ခဲ့ပြီးပြီဖြစ်ကာ (၅)နှစ်စာချုပ်နဲ့ ကမ်းလှမ်းထားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Sky Sports

တကယ်လို့ ကစားသမားဘက်ကနေသာ ဘာစီလိုနာအသင်းရဲ့ကမ်းလှမ်းချက်ကို လက်ခံခဲ့မယ်ဆိုရင် ဆိုယန်ဂူဟာ ဘာစီလိုနာအသင်းရဲ့ တတိယမြောက် တူရကီကစားသမားဖြစ်လာတော့မယ်လို့ သိရှိရပါတယ်။ ဒါပေမယ့် လက်စတာအသင်းကတော့ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းကလည်း အသင်းရဲ့အဓိကနောက်ခံကစားသမားဖြစ်သူ ဟယ်ရီမက်ဂွိုင်းယားကို ဆုံးရှံးထားရတာဖြစ်လို့ ဆိုယန်ဂူကို ဘယ်နည်းနဲ့မှ ရောင်းထုတ်ချင်မှာမဟုတ်ပဲ လာမယ့်ရာသီမှာ ယူရိုပါလိဂ်ပြိုင်ပွဲကို ဆင်နွဲရဖို့ ရှိနေတဲ့အတွက် အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားဖွယ် ရှိနေပါတယ်။ ဆိုယန်ဂူဟာ သူရဲ့ကစားသမားဘဝကို တူရကီကလပ် Altinordu အသင်းနဲ့ စတင်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေတစ်ဆင့် ဂျာမန်ဘွန်ဒစ်လီဂါကလပ် ဖရိုင်းဘတ်အသင်းကို ရောက်ရှိလာခဲ့ကာ ၂၀၁၈ခုနှစ်မှာတော့ လက်စတာအသင်းက ဖရိုင်းဘတ်အသင်းကနေ ပေါင်(၁၉)သန်းနဲ့ ခေါ်ယူခဲ့ပါတယ်။ ဆိုယန်ဂူဟာ လက်စတာကို စစရောက်တဲ့နှစ်တုန်းက ပွဲထွက်ကစားခွင့်တွေ နည်းပါးခဲ့တယ်ဆိုပေမယ့် အသင်းမှာ မက်ဂွိုင်းယားထွက်သွားပြီးနောက်ပိုင်း နေရာရလာခဲ့ကာ အသင်းရဲ့အမာခံ ဗဟိုခံစစ်ကစားသမားအဖြစ်ပါ သတ်မှတ်ခံလာခဲ့ရပါတယ်။ ဆိုယန်ဂူကို မန်စီးတီးအသင်းကနေလည်း စိတ်ဝင်စားလျက်ရှိနေပြီး သူရဲ့လက်ရှိတန်ကြေး ပေါင်(၄၅)သန်းဝန်းကျင်လောက် ရှိနေပါတယ်။