ဘာစီလိုနာအသင်းကတော့ ဆောင်းရာသီအပြောင်းအရွေ့စျေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်သွားဖို့ ပြင်ဆင်လို့နေပြီး လတ်တလောမှာတော့ ဆယ်ကျော်သက်အရွယ်သာ ရှိနေသေးတဲ့ လက်စတာ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ပေါ်တူဂီလူငယ် ကွင်းလယ်ကစားသမားလေး ဆစ်ဒ်နေးတာဗားရက်စ်ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားလို့နေပြီး ချိတ်ဆက်မှုတွေလည်း လုပ်ဆောင်လျက်ရှိနေတယ်လို့ သတင်းတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Leicester Mercury

အသက်(၁၉)နှစ်အရွယ်ရှိ ပေါ်တူဂီယူ-၁၉ ကွင်းလယ်ကစားသမားလေး တာဗားရက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ လက်စတာယူ-၂၃အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲတွေမှာပါ လက်စတာစီနီယာကစားသမားတွေနဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို့ နည်းပြဘရန်ဒန်ရော်ဂျာကိုယ်တိုင်ကပါ အရည်အသွေးကောင်းလွန်းသူလို့တောင် ချီးမွမ်းခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း ရော်ဂျာက တာဗားရက်စ်ကို စီနီယာအသင်းကြီးမှာ အခုအချိန်ထိ နေရာမပေးသေးပဲ လူငယ်အသင်းမှာ ဆက်လက်အသုံးပြုနေလျက်ရှိသလို စာချုပ်သက်တမ်းကလည်း လပိုင်းလောက်သာ ကျန်ရစ်တော့တာကြောင့် ကစားသမားရဲ့အခြေအနေကို တခြားအသင်းတွေကနေ စိတ်ဝင်စားလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Leicester Mercury

ဒီဆယ်ကျော်သက်ကစားသမားလေးကို ဘာစီလိုနာအပါအဝင် ဂျုဗင်တပ်စ် ပေါ်တို ဆဲလ်တစ်နဲ့ ဘိုင်ယန်မြူးနစ်တို့လို ဥရောပထိပ်တန်းအသင်းတွေကနေလည်း ပစ်မှတ်ထားလို့နေပြီး မာဆေးလ်နည်းပြ ဘိုအာစ်မှာလည်း လွန်ခဲ့တဲ့တစ်နှစ်လောက်ကတည်းက တာဗားရက်စ်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးသေးပြီး အောင်မြင်မှုတော့ မရှိခဲ့ပါဘူး။ တာဗားရက်စ်ဟာ တကယ့်ကို Talent ရှိတဲ့ လူငယ်ကြယ်ပွင့်တစ်ယောက်ဖြစ်သလို မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အောင်မြင်မှုတွေ ရယူခဲ့ဖူးတဲ့ တောင်ပံကစားသမား လူးဝစ်နာနီရဲ့ ဝမ်းကွဲညီငယ်တစ်ယောက်လည်းဖြစ်နေပါတယ်။ ပြေးအား နည်းစနစ် ကြံခိုင်မှုအပိုင်းတွေမှာ ထူးချွန်လှတဲ့ ဒီကစားသမားလေးဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ လက်စတာနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ အခုစျေးကွက်အတွင်းမှာပဲ အကြိုသဘောတူညီမှုကို ရယူနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာဘက်ကနေ အကြိုသဘောတူညီမှုကို မရရှိခဲ့ဘူးဆိုရင် ကစားသမားကိုယ်တိုင်က လက်စတာမှာ ဆက်လက်ကစားချင်နေသေးသလားဆိုတာကို စောင့်ကြည့်သွားမှာဖြစ်ပြီး တာဗားရက်စ်က အသင်းနဲ့ လမ်းခွဲချင်မှပဲ တစ်ခါတည်း အပြီးသတ်ခေါ်ယူသွားမယ်လို့ သိရပါတယ်။