စပိန်လာလီဂါ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ ယူရို ၁၂၂ သန်း လောက် ချွေတာ ဖို့ အတွက် လစာ လျှော့ယူဖို့ ကိစ္စကို အသင်းကစားသမားတွေ နဲ့ သဘောတူညီမှု ရရှိပြီဖြစ်ကြောင်း သောကြာနေ့က အတည်ပြု ပြောဆိုလိုက်ပါတယ်။ ဒါဟာ ရက်သတ္တပတ် အနည်းငယ် အကြာ ဆွေးနွေးပြီးတဲ့ နောက်ရရှိလာတဲ့ သဘောတူညီမှုလည်း ဖြစ်ပါတယ်။ စပိန် အခြေစိုက် သတင်းစာဌာန တစ်ခုဖြစ်တဲ့ Esport3 ရဲ့ အဆိုအရ စာချုပ်သက်တမ်း အသစ်တိုးတဲ့ ကစားသမား‌တွေက အဆိုပါ ညှိနှိုင်းချက်ကို သဘောတူညီခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဘာစီလိုနာ အသင်းအနေနဲ့ ယူရို သန်း ၁၉၀ လောက် ကို ချွေတာဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီးတော့ အခု ယူရို သန်း ၁၂၂ ပမာဏ ဟာ နည်းနေသေးတယ်လို့ ဆိုရပေမယ့်လည်း ဘာစီလိုနာ အနေနဲ့ အနည်းငယ် အသက်ရှုချောင်စေတယ်လို့ ဆိုရပါမယ်။

Photo Credit: Marca

အဆိုပါ ယူရို ၁၂၂ သန်း ကို ချွေတာနိုင်ခဲ့တာကြောင့် ဘာစီလိုနာ အသင်းအနေနဲ့ သုံးနှစ်တာ ကာလ အတွင်း ယူရို သန်း ၅၀ ပေးချေရမာ ကို ရွှေ့ဆိုင်းလိုက်နိုင်ပါတယ်။ ဘာစီလိုနာ အသင်း အနေနဲ့ မကြာသေးခင်က ကစားသမား အချို့ နဲ့ စာချုပ် သက်တမ်း အသစ် ချုပ်ဆို ခဲ့‌ကြောင်း ကြေညာခဲ့ပါတယ်။ ခံစစ် ကစားသမား ပီကေး ကို ၂၀၂၄ ခုနှစ်အထိ၊ ဂိုးသမား တာစတီဂျန် ကို ၂၀၂၅ ခုနှစ်အထိ၊ ကလီးမန့် လန်းဂ်ျလတ် နဲ့ ဖရန်ကီ ဒီဂျုန်း တို့ကို ၂၀၂၆ ခုနှစ်အထိ ချုပ်ဆိုဖြစ်ခဲ့ပါတယ်။ အဆိုပါ စာချုပ် သက်တမ်း အသစ်ထဲမှာ ယာယီ လစာ လျှော့ယူဖို့ ကိစ္စ ပါဝင်ပြီးတော့ ကစားသမား လေးဦး စလုံးကလည်း ရေတို လစာလျှော့ယူဖို့ ကိစ္စကို သဘောတူညီ ခဲ့ကြပါတယ်။ ဒါပေမယ့် ဘာစီ အသင်းဘက်ကနေ ရေရှည်မှာ လစာ ပြန်တိုးပေးဖို့ ကိစ္စလည်း သဘောတူညီမှု ပေးထားရပါတယ်။

Photo Credit: Marca

ဘာစီလိုနာ အသင်းအနေနဲ့ ငွေကြေးပိုင်းဆိုင်ရာ ပြဿနာ နဲ့ ပတ်သက်ပြီး အတော်လေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာ ဖြစ်ကာ ၂၀၁၉-၂၀ ရာသီ အတွင်း အသင်းရဲ့ အကြွေးပမာဏ ဟာ နှစ်ဆ ကျော်မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဘာစီလိုနာ အသင်းရဲ့ ငွေကြေးပိုင်းဆိုင်ရာမှာတော့ စပိန်ရဲ့ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Marca ရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ အသင်းရဲ့ အကြွေးပမာဏ ဟာ ၂၀၁၉ ခုနှစ် ဇွန်လ မှာ ယူရို ၂၁၇ သန်း ရှိနေပြီးတော့ ၂၀၂၀ ခုနှစ် ဇွန်လ မှာတော့ ယူရို ၄၈၈ သန်း အထိ တစ်နှစ် အတွင်း မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းအနေနဲ့ အသင်းရဲ့ ပထမ ကစားသမား စာရင်းကို ဒီနှစ်မှာ လျှော့ချ ပစ်ခဲ့ပေမယ့်လည်း လျှော့ချပစ်ဖို့ ကျန်ရှိနေသေးတဲ့ ပမာဏဟာ ယူရို သန်း ၈၀ လောက် ရှိနေသေးတာကြောင့် အသင်း အနေနဲ့ ဘဏ္ဍာရေးပိုင်းဆိုင်ရာ ပြဿနာ မှာ အတော်လေး စိုးရိမ်နေရဆဲ အခြေအနေ ဖြစ်နေပါတယ်။