MySport Myanmar

လီဝန်ဒေါစကီး နေရာမှာ ဗီလာ တိုက်စစ်မှူးလေးနဲ့ အစားထိုးဖို့ စီစဉ်ထားတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းကတော့ အသင်းရဲ့ ပိုလန် ဝါရင့် ကစားသမားကြီးဖြစ်သူ တိုက်စစ်မှူး ရောဘတ် လီဝန်ဒေါစကီးရဲ့ နေရာမှာ ရေရည် အစားထိုးသွားဖို့အတွက် အက်စတွန် ဗီလာ တိုက်စစ်ကစားသမားလေး ဂျွန် ဒူရန်ကို မျက်စိကျလျက် ရှိနေပြီး အဓိက ပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့လည်း သိရပါတယ်။

လီဝန်ဒေါစကီးဟာ လက်ရှိမှာ အသက် (၃၆)နှစ်အရွယ်ထိ ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း ဒီရာသီထဲ ဘာစီလိုနာအတွက် ဂိုးသွင်းခြေစွမ်းကောင်းတွေ ပြန်လည် ပြသလို့ထားနေပြီး အသင်းအတွက် (၈)ပွဲကစား (၇)ဂိုးသွင်း (၂)ဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Football Fancast

ဒါပေမယ့် ဘာစီလိုနာက အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် ပိုလန် ဂိုးမုဆိုးကြီး လီဝန်ဒေါစကီးကို အားကိုးနေလို့ မဖြစ်တော့ပဲ သူ့နေရာမှာ ရေရှည်အစားထိုးနိုင်မယ့် အရည်အသွေးမြင့် ကစားသမားတစ်ဦး လိုအပ်လာခဲ့ပါတယ်။ ဒီအတွက်လည်း ဘာစီလိုနာက လိုက်ပ်ဇစ် တိုက်စစ်မှူး ဆက်စ်ကို ၊ စပို့တင်း လစ္စဘွန်း တိုက်စစ်မှူး ရော့ကီးယက်စ်နဲ့ ဗီလာ တိုက်စစ်မှူး ဒူရန်တို့ကို ပစ်မှတ်ထားလာခဲ့ပါတယ်။

ဒီတိုက်စစ်မှူး (၃)ဦးထဲမှာမှ ဘာစီလိုနာ အားကစား ဒါရိုက်တာ ဒေကို သဘောအကျဆုံး ဖြစ်နေတာက အသက် (၂၀)အရွယ် ကိုလံဘီယာ တိုက်စစ်မှူး ဒူရန်ဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့်ဖြစ်သူနဲ့ပါ ကနဦး တွေ့ဆုံမှုတွေလည်း လုပ်ဆောင်ထားပါသေးတယ်။

Photo Credit : talkSPORT

ဒူရန်ကလည်း ပြီးခဲ့တဲ့ နွေရာသီတုန်းက ဝက်စ်ဟမ်းအသင်းဆီ ပြောင်းရွှေ့ဖို့ အတော်လေး နီးစပ်ခဲ့ဖူးပြီးမှ ပြောင်းရွှေ့ကြေး ညှိနှိုင်းမရလို့ အပြောင်းအရွှေ့က ပျက်ခဲ့ပြီး ဗီလာမှာသာ ဆက်ကစားခဲ့ရပေမယ့် ဒူရန်ဟာ ဒီရာသီထဲ ဗီလာအသင်းအတွက် သွင်းဂိုး (၅)ဂိုးအထိ သွင်းယူထားသလို သူ့သွင်းဂိုး အများစုကလည်း အနိုင်ဂိုးတွေသာ ဖြစ်နေခဲ့ပါတယ်။

ဒူရန်က အခုဆိုရင် ဗီလာအတွက် အတော်လေး အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်လို့နေပြီး သူရဲ့ တန်ကြေးဟာလည်း မြင့်သထက် မြင့်လာပေမယ့် ဘာစီလိုနာလို အသင်းမျိုးရဲ့ ကမ်းလှမ်းမှု ရလာခဲ့မယ်ဆိုရင်တောင် ဒူရန်လည်း ဗီလာအသင်းကနေ သေချာပေါက် ထွက်ခွာဖွယ် ရှိလာနိုင်ပါတယ်။

Exit mobile version