စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်း ကနေ တူရကီကလပ် ဘစ်ဆစ်တပ် အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ ဘော့စနီးယား ကွင်းလယ်လူ ပီယာနစ် ကတော့ လတ်တလောမှာ ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့မယ်လို့ သတင်းကြီးနေတဲ့ မိုရာတာကို ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ချင်ပါက နှစ်ခါပြန် စဉ်းစားဖို့ လိုအပ်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် ဘော့စနီးယား လက်ရွေးစင် ကွင်းလယ်လူ ပီယာနစ်ဟာ ၂၀၂၀ခုနှစ်မှာ ဂျူဗင်တပ်အသင်း ကနေ ဘာစီလိုနာ အသင်းထံ ဘရာဇီးလ် ကွင်းလယ်လူ အာသာနဲ့ အလဲအထပ် ပြုလုပ်ကာ ပြောင်းရွှေ့လာသူ တဦး ဖြစ်ပြီး အသင်းနဲ့ ၂၀၂၄ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Metro

ပီယာနစ်ဟာ ဂျူဗင်တပ်အသင်းမှာ ကစားနေစဉ်က စီးရီးအေရဲ့ အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းဆီ ရောက်ရှိလာချိန်မှာတော့ အသင်းနဲ့ အံဝင်ဖို့ ရုန်းကန်ခဲ့ရသလို နောက်ဆုံးမှာ ပွဲထွက်ခွင့် ရဖို့ အတွက် ဘစ်ဆစ်တပ် အသင်းဆီ ပြောင်းရွှေ့ခဲ့ရပါတယ်။

ဒါကြောင့်ပဲ ပီယာနစ်က သူ့ရဲ့ အသင်းဟောင်း ဂျူဗင်တပ်အသင်းရဲ့ တိုက်စစ်မှူး မိုရာတာကို ဘာစီလိုနာ အသင်းဆီ ပြောင်းရွှေ့ချင်ရင် သေသေချာချာ စဉ်းစား ဆုံးဖြတ်ဖို့ တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Metro

အသက် ၂၉နှစ် အရွယ် စပိန်လက်ရွေးစင် တိုက်စစ်မှူး မိုရာတာဟာ လာလီဂါ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် ၊ အက်သလက်တီကို မက်ဒရစ် စတဲ့ အသင်းတွေမှာ ကစားခဲ့ဖူးသူ တဦး ဖြစ်ပြီး ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာတော့ ဘာစီလိုနာအသင်းဆီ ရာသီဝက် အငှားနဲ့ ပြောင်းရွှေ့ကစားဖို့ နီးစပ်နေသူပါ။

ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ ကစားဖို့ နီးစပ်နေတဲ့ မိုရာတာကို ပီယာနစ်က အခုလိုပဲ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။ ပီယာနစ်က – “မိုရာတာက သူ ဘာလုပ်ရမလဲ ဆိုတာကို သိတဲ့ ကစားသမား တဦးပါ။ ဘာစီလိုနာအသင်းက အသင်းရဲ့ အကြောင်းကို ထဲထဲဝင်ဝင် သိတဲ့ ဇာဗီကို နည်းပြသစ် အဖြစ် ခန့်ထားတယ်။ အသေးစိတ်ကို မသိထားပေမယ့် ကျွန်တော်က မိုရာတာဟာ ဂျူဗင်တပ်အသင်းမှာ ပျော်ရွှင်နေတယ် ဆိုတာကို သိပါတယ်။ ဒါကြောင့်ပဲ မိုရာတာကို ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို ရထားရင်တောင် အသင်းပြောင်းမယ့် ကိစ္စနဲ့ ပတ်သတ်ပြီး သေသေချာချာ စဉ်းစားဖို့ တိုက်တွန်းချင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။