ဘာစီလိုနာအသင်းရဲ့ ကစားသမား၊ လက်ရှိ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားနဲ့ ကစားနေတဲ့ ကော်တင်ဟိုဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်လာချင်နေတယ်လို့ သူ့ရဲ့ အေးဂျင့် ဖြစ်သူ ကိုင်ကျိုရက်ဘ်ချင်က ပြောသွားခဲ့ပြီး လက်ရှိမှာလည်း သူ့ကို ပရီးမီးယားလိဂ်အသင်းတွေက စိတ်ဝင်စားနေပါတယ်။ ပရီးမီးယားလိဂ် အသင်းတွေ ဖြစ်ကြတဲ့ အာဆင်နယ်အသင်း၊ လက်စတာစီးတီးအသင်း နဲ့ စပါးအသင်းတို့ဟာ လီဗာပူးလ်အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ကော်တင်ဟိုကို ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေကြပြီး လက်ရှိမှာ အာဆင်နယ်အသင်းက ခေါ်ယူနိုင်ဖို့ အလေးသာနေလျက် ရှိနေပါတယ်။

Photo Credit: Goal

ကော်တင်ဟိုဟာ လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်အသင်းမှာ အငှားနဲ့ ကစားနေတာ ဖြစ်ပြီး ယခုအပတ် လာမယ့် သောကြာနေ့ည၊ စနေနေ့ နံနက် (၁း၃၀) အချိန်မှာတော့ သူ့ရဲ့ အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ် ရှုံးထွက် ပွဲစဉ်မှာ ထိပ်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဘရာဇီး တောင်ပံ ကစားသမား ကော်တင်ဟိုဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲက လီဗာပူးလ်အသင်းမှာ ကာလရှည် (၆) နှစ်ကြာအထိ ကစားခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းကို အပြီးသတ် ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အေးဂျင့် ဖြစ်သူ ကိုင်ဂျိုရက်ဘ်ချင်က ကော်တင်ဟိုအနေနဲ့ ပရီးမီးယားလိဂ်ကို ပြန်လာချင်တယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

Talksports သတင်းမှာ အေးဂျင့် ဖြစ်သူ ကိုင်ဂျိုရက်ဘ်ချင်က “သူ ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်မှာ ကစားရပါလိမ့်မယ်။ သူ ချန်ပီယံလိဂ် ပွဲစဉ်ကို မျှော်လင့်နေတယ်။ သူ ချန်ပီယံလိဂ် ဆုဖလား ရရှိဖို့ မျှော်လင့်နေပါတယ်။ ဘိုင်ယန်အသင်းက အဲဒီပွဲစဉ်ကို ကစားဖို့ အရည်အချင်း ရှိတယ်။ ချန်ပီယံလိဂ် ပြိုင်ပွဲ ပြီးရင် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ထိုင်ပြီး နွေးဆွေးရလိမ့်မယ်။ ကျွန်တော် ဒီအကြောင်းကို သူနဲ့ ပြောပြီးပါပြီ။ သူက ပရီးမီးယားလိဂ် ပြိုင်ပွဲကို ချစ်မြတ်နိုးပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲကို ပြန်လာချင်တယ်။ ဒါပေမယ့် ငွေရေးကြေးရေး၊ အပြောင်းအရွှေ့ ပမာဏ နဲ့ ကိုရိုနာ ဗိုင်းရပ် အခြေအနေက ကြီးမားတဲ့ အခန်းတစ်ခုမှာ ရှိနေကြပါတယ်။ ဘာလို့လဲဆိုရင် သူက ဈေးကြီးတဲ့ ကစားသမားကောင်း ဖြစ်လို့ပါပဲ”လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။