စပိန်အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ နည်းပြသစ်အဖြစ် အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း ကိုးမန်း ကို ခန့်အပ်ခဲ့ အပြီးမှာတော့ အသင်းကို အလုံးစုံ ပြောင်းလဲဖို့ ကြိုးစားနေပြီး အသင်းမှာ ရှိတဲ့ ဝါရင့် ကစားသမား အများစုထဲက အနည်းငယ်ကိုသာ အသင်းမှာ ဆက်ထားကာ သွေးသစ်လောင်းဖို့ ကြံစည်နေပါတယ်။ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရတော့ ဘာစီလိုနာအသင်း ရောင်းချသွားမယ့် ကစားသမားတွေထဲမှာ ဗီဒယ် ၊ ရာကီတစ် ၊ ဆွာရက်ဇ် ၊ ပီကေးစတဲ့ ကစားသမားတွေ ပါဝင်နေတယ်လို့ သိရပြီး အဆိုပါ ကစားသမားတွေထဲမှာ ဘာစီလိုနာအသင်း အနေနဲ့ တိုက်စစ်မှူး ဆွာရက်ဇ်ကို စာချုပ် ဖျက်သိမ်းကာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ပေးဖို့ လုပ်ဆောင်နေကြောင်း သိရပါတယ်။

Photo Credit: The Sun

RAC1 သတင်းဌာနရဲ့ အဆိုအရတော့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းမှာ ဂရစ်ဇ်မန်းနဲ့ ဒမ်ဘီလီကို ပိုမို နေရာပေးဖို့ စဉ်းစားနေတာကြောင့် လာမယ့် ဘောလုံးရာသီ မတိုင်မီ ဆွာရက်ဇ်ကို အသင်းကနေ ရှင်းထုတ်ချင်နေပြီး ဆွာရက်ဇ်ကို ပြောင်းရွှေ့ကြေး ပေးကာ ခေါ်ယူမယ့်အသင်းတွေ ရှားပါးနေတာကြောင့် နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းကာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ပေးဖို့ လုပ်ဆောင်နေတာ ဖြစ်ကြောင်း သိရှိရပါတယ်။ လက်ရှိမှာတော့ ဆွာရက်ဇ်ဟာ ဘာစီလိုနာအသင်းရဲ့ လုပ်ရပ်အပေါ် အတော်လေး စိတ်ပျက် နေပြီး အသင်းနဲ့ ဆွေးနွေးမှုတွေကို သူ့ရဲ့ ရှေ့နေဖြစ်သူနဲ့သာ လွှဲပေးထားပြီး သူကတော့ အသင်းသစ် ရှာဖွေမှု ပြုလုပ်နေတယ်လို့ ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။

Photo Credit: The Sun

ဆက်စပ်သတင်းတွေ အရတော့ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ဖြစ်သူ ကိုးမန်းဟာ အသင်းရဲ့ ချီလီ ကွင်းလယ်လူ ဗီဒယ်ကိုလည်း အသင်းသစ် ရှာဖွေလိုပါက ရှာဖွေနိုင်ပြီ ဖြစ်ကြောင်း အသိပေးထားတယ် လို့ သိထားရပြီး ကိုးမန်းဟာ ဗီဒယ်အနေနဲ့ သူ့ရဲ့ စီမံကိန်းထဲမှာ မပါဝင်တော့ဘူးလို့ ယတိပြတ် ဆိုထားတာပါ။ ဒါ့အပြင် ကိုးမန်းဟာ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ် ကျောက်ဆောင်လို့ တင်စားရမယ့် ကွင်းလယ် ခံစစ် ကစားသမားကြီး ဘက်စ်ကွက် ကိုလည်း လာမယ့် ဘောလုံးရာသီမှာ ပွဲထွက်ခွင့် များများစားစား ပေးဖို့ မရှိတော့ပဲ ဘက်စ်ကွက်ရဲ့ နေရာမှာ အေဂျက်အသင်းကနေ ဘာစီလိုနာအသင်းထံ ရောက်ရှိလာတဲ့ နယ်သာလန် ကွင်းလယ် ခံစစ် ကစားသမား ဒီဂျောင်ကို အဓိက နေရာပေးသွားမယ် လို့ အတည်ပြု ထားပါတယ်။