စပိန်လာလီဂါ အင်အားကြီး အသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ကာလရှည် ပစ်မှတ်ထား စောင့်ကြည့်ခဲ့တဲ့ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်စ်အတွက် အင်တာမီလန်အသင်းထံ တရားဝင် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကြောင်း ဥရောပ သတင်းမီဒီယာတွေက ဖော်ပြ သွားကြပါတယ်။ ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖလားလက်မဲ့ ဖြစ်ခဲ့ရသလို အသင်းတွင်းမှာ အရွယ်လွန် ကစားသမားတွေ များပြားနေတာကြောင့် အသင်းကို ပြုပြင် ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ စီစဉ်နေတဲ့ အသင်း ဖြစ်ပြီး နောက်ဆုံးရရှိထားတဲ့ သတင်းတွေ အရတော့ အသင်းရဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဆွာရက်ဇ် ၊ ဂရစ်ဇ်မန်းတို့ကို ရောင်းချဖို့ စီစဉ်နေကြောင်း သိထားရပါတယ်။

Photo Credit: Metro

ဘာစီလိုနာအသင်းဟာ မက်ဆီ ၊ ဂရစ်ဇ်မန်း ၊ ဒမ်ဘီလီ ၊ ဆွာရက်ဇ် စတဲ့ ကစားသမားတွေကို ပိုင်ဆိုင်ထားပေမယ့် အသင်းအတွက် တကယ် ခြေစွမ်းပြနေတဲ့ ကစားသမားဟာ မက်ဆီ တစ်ဦးထဲသာ ရှိနေခဲ့ပြီး ဒမ်ဘီလီဟာ အသင်းကို ရောက်ရှိလာပြီးကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရသလို ဆွာရက်ဇ် ၊ ဂရစ်ဇ်မန်းတို့ကလည်း ပုံမှန်ခြေစွမ်း ပြသနိုင်ခြင်း မရှိတော့ပါဘူး။ ဒါ့ကြောင့်ပဲ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ် ကိုးမန်းဟာ ဆွာရက်ဇ်ကို အသင်းကနေ ထွက်ခွာခွင့် ပေးခဲ့သလို ဂရစ်ဇ်မန်းကိုလည်း ကမ်းလှမ်းမှုတွေ ရှိလာပါက ရောင်းချသွားမှာ ဖြစ်ပြီး ဆွာရက်ဇ် ၊ ဂရစ်ဇ်မန်းတို့ရဲ့ နေရာအတွက် လိုင်ယွန်တိုက်စစ်မှူး ဒီပိုင်းနဲ့ အင်တာမီလန်တိုက်စစ်မှူး မာတီနက်စ်တို့ကို ခေါ်ယူဖို့ ပစ်မှတ် ထားနေပါတယ်။

Photo Credit: Metro

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Albert Rogeရဲ့ အဆိုအရတော့ ဘာစီလိုနာအသင်းဟာ မာတီနက်စ်အတွက် အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း + ကစားသမား တစ်ဦးဆိုတဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။ အင်တာမီလန်အသင်းဘက် ကတော့ မာတီနက်စ်အတွက် အနိမ့်ဆုံး ယူရို ၈၅ သန်းခန့် အလိုရှိနေကာ မာတီနက်စ်ရဲ့ အေးဂျင့်ဖြစ်သူဟာ မီလန်မြို့ကို သွားရောက်ပြီး ဘာစီလိုနာနဲ့ မာတီနက်စ်တို့ရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင် နေကြောင်း အီတလီသတင်းဌာနတွေကလည်း ဖော်ပြထားကြပါတယ်။ စပိန် အခြေစိုက် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေရဲ့ အဆိုအရတော့ မာတီနက်စ်အတွက် ဘာစီလိုနာအသင်း ကမ်းလှမ်းထားတဲ့ ကစားသမားဟာ ဗီဒယ် ဖြစ်နိုင်ကြောင်း သိရှိရပြီး အင်တာမီလန်အသင်းဟာ ဗီဒယ်ကို ခေါ်ယူလိုနေတာကြောင့် ဘာစီလိုနာအသင်းကသာ ပြောင်းရွှေ့ကြေးကို ထပ်မံ တိုးမြှင့်ပေးရင် အပြောင်းအရွှေ့ဟာ ကျိန်းသေပေါက် ဖြစ်လာနိုင်တယ် လို့ သိရှိရပါတယ် ခင်ဗျာ…။