စပိန်အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ ချယ်လ်ဆီးအသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရရှိထားတဲ့ ဘရာဇီးလ် တောင်ပံ တိုက်စစ် ကစားသမား ဝီလီယံကို ခေါ်ယူဖို့အတွက် ကမ်းလှမ်းမှုတစ်ခု ပြုလုပ် ထားတယ်လို့ သိရပါတယ်။

Photo Credit: Daily Mail

အသက်၃၁နှစ်အရွယ် ဘရာဇီးလ် ကစားသမား ဝီလီယံဟာ မနက်ဖြန်မှာ ကစားမယ့် အာဆင်နယ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အက်ဖ်အေဖလား ဖိုင်နယ်အပြီးမှာ ချယ်လ်ဆီး အသင်းကနေ ထွက်ခွာခွင့် ရှိနေသူ ဖြစ်ပြီး လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းထားပေမယ့် ဝီလီယံကတော့ အဆိုပါ စာချုပ်ကို လက်မခံသေးပါဘူး။

Photo Credit: Daily Mail

ဝီလီယံဟာ အသက်၃၁နှစ်အရွယ် ရှိနေပြီ ဖြစ်ပေမယ့် သူဟာ ထိပ်တန်းအဆင့်မှာ အချိန် ကြာမြင့်စွာ ကစားနိုင်ဦးမယ်လို့ ယူဆနေပြီး သူါကို စာချုပ်သစ် ချုပ်ဆိုချင်ပါက ၃နှစ်သက်တမ်း ရှိတဲ့ စာချုပ် ကမ်းလှမ်းရမယ်လို့ ချယ်လ်ဆီး အသင်းကို အကြောင်းကြားထားပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်း ကတော့ အသက်၃၀ ကျော်သွားတဲ့ ကစားသမားတွေကို ၂နှစ်ထက် ပိုပြီး စာချုပ်သစ် ကမ်းလှမ်းလေ့ မရှိတာကြောင့် ဝီလီယံနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ကြားမှာ သဘောတူညီမှု ရဖို့ ခဲယဉ်းနေတာပါ။

Photo Credit: Daily Mail

အင်္ဂလန်ရဲ့ နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ အဆိုအရ လက်ရှိမှာ ဝီလီယံကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းဟာ အများအပြား ရှိနေပေမယ့် ဝီလီယံရဲ့ အေးဂျင့်ဆီ ဆက်သွယ်ထားတဲ့ အသင်းဟာ ၂သင်းထဲသာ ရှိသေးကြောင်း သိရပြီး အဆိုပါ အသင်းတွေကတော့ ဘာစီလိုနာအသင်းနဲ့ အင်တာ မီယာမီအသင်းတို့ပဲ ဖြစ်ပါတယ်။

Photo Credit: Daily Mail

ဘာစီလိုနာအသင်းဟာ ဝီလီယံ လိုချင်တဲ့ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းမှုကို ပြုလုပ်ထားပြီး အင်တာ မီယာမီအသင်း ကတော့ ဝီလီယံကို မြင့်မားတဲ့ လုပ်ခလစာနဲ့ ကမ်းလှမ်းထားတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြထားပါတယ်။ ဥရောပ ဘောလုံးကျွမ်းကျင်သူတွေ ကတော့ လက်ရှိ ကမ်းလှမ်း ထားတဲ့ ကမ်းလှမ်းမှုတွေကို ကြည့်မယ်ဆိုရင် ဘာစီလိုနာအသင်းဟာ ဝီလီယံကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတယ်လို့ သုံးသပ် ထားကြပါတယ်။