ဘာစီလိုနာအသင်းကတော့ လာမယ့်နွေစျေးကွက်အတွင်းမှာ အသင်းကို အပြောင်းအလဲတွေများစွာ လုပ်ဆောင်သွားဖို့အတွက် ပြင်ဆင်လို့နေပြီဖြစ်ပြီး အခုလို ပြင်ဆင်မှုတွေကို မလုပ်ဆောင်ခင် နည်းပြဟောင်းဆက်တီယန်ရဲ့လက်ထက်မှာကတည်းက အသင်းရဲ့တိုက်စစ်ပိုင်းကို ပြင်ဆင်ဖို့အတွက် အသင်းရဲ့တိုက်စစ်ကစားသမား အန်တိုနီယိုဂရစ်ဇ်မန်းနဲ့ အသက်လက်တီကိုတိုက်စစ်ကစားသမား ဂျာအိုဖီးလစ်တို့ကို လဲလှယ်သွားဖို့ပါ ကြိုးပမ်းခဲ့ပြီး ဒီကမ်းလှမ်းမှုကို အသက်လက်တီကိုဘက်ကနေ ပယ်ချသွားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Opera News

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ နွေစျေးကွက်ကပဲ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းကို အသက်လက်တီကိုအသင်းကနေ ပေါင်(၁၀၈)သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး မက်ဆီ ဆွာရက်ဇ်တို့နဲ့ အသင်းရဲ့တိုက်စစ်မှာ တွဲဖက်အသုံးပြုခဲ့ပေမယ့်လည်း ဂရစ်ဇ်မန်းက အေတီကိုမှာ ပြသခဲ့တဲ့ ခြေစွမ်းမျိုးတွေလောက် ဘာစီလိုနာမှာ ပြသနိုင်ခြင်းမရှိသလို အသင်းကို ဆက်တီယန်ကိုင်တွယ်လာချိန်မှာလည်း ပုံမှန်နေရာပျောက်ဆုံးလာတဲ့အပြင် အသင်းဟောင်းဆီကို ပြန်လည်ပို့ဆောင်ဖို့အထိ စီစဉ်ခံလာခဲ့ရပါတယ်။

Photo Credit : ESPN

ဒါပေမယ့် အသက်လက်တီကိုအသင်းဘက်ကနေတော့ ဒီကမ်းလှမ်းချက်အပေါ်မှာ လုံးဝစိတ်ဝင်စားခြင်းမရှိပဲ ပြန်လည်ငြင်းဆန်ခဲ့သလို အသင်းမှာ အကျိုးပြုခဲ့တဲ့ ကစားသမားဟောင်း ဂရစ်ဇ်မန်းကို ပြန်လည်ပိုင်ဆိုင်ဖို့အတွက် အသက်အရွှ့ယ်ငယ်ရွှယ်သေးတဲ့ ဂျာအိုဖီးလစ်ကို ဆက်လက်ထိန်းသိမ်းဖို့ကိုသာ အသက်လက်တီကိုဘက်ကနေ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ကစားသမားဟောင်း ရော်နယ်ကိုးမန်းကိုလည်း နည်းပြသစ်အဖြစ် ခန့်အပ်ထားသလို ကိုးမန်းကိုယ်တိုင်ကပါ ဂရစ်ဇ်မန်းကို သူကစားချင်နေတဲ့ နေရာမှန်အတိုင်း အသုံးပြုသွားမှာဖြစ်ပြီး အသင်းကနေ လုံးဝရောင်းထုတ်မှာမဟုတ်ဘူးလို့ ပြောဆိုထားခဲ့တဲ့အတွက် ဂရစ်ဇ်မန်းရဲ့အနာဂတ်က တစ်မျိုးတစ်ဖုံ ဖြစ်လာနိုင်ပါတယ်။ ဘာစီလိုနာအသင်းဟာ အခုစျေးကွက်အတွင်းမှာ ဆွာရက်ဇ် ရာကီတစ် ဗီဒယ်တို့ကို ရောင်းချပြီး အသင်းမှာ နေရာပျောက်ဆုံးနေရတဲ့ ဂရစ်ဇ်မန်း ဒမ်ဘီလီနဲ့ ကော်တင်ဟိုတို့ကို နေရာပြန်ပေးဖွယ် ရှိလို့နေပါတယ်။ ဒါပေမယ့် အသင်းရဲ့အဓိက ကစားသမား လီယွန်နယ်မက်ဆီရဲ့အနာဂတ်ကိစ္စကတော့ အခုထိကို ဖြေရှင်းလို့မရနိုင်သေးပဲ အသင်းကနေ လက်လွတ်ရဖွယ်သာ ရှိလာနိုင်ပါတယ်။