လာမယ့်ဘောလုံးရာသီမှာ ဆုဖလားအောင်မြင်မှုတွေကို ပြန်လည်ရယူသွားနိုင်ဖို့အတွက် ဒီရက်ပိုင်းအတွင်းမှာ ကစာသမားသစ် ခေါ်ယူမှုတွေကို ခပ်စိပ်စပ်လေး လုပ်ဆောင်လို့နေတဲ့ ဘာစီလိုနာအသင်းဟာ လတ်တလောမှာလည်း အေစီမီလန်အသင်းနဲ့ လမ်းခွဲတော့မယ့် အီတလီဂိုးသမားလေးဖြစ်တဲ့ ဒွန်နာရမ်မာကိုပါ အရခေါ်ယူသွားဖို့အတွက် စိတ်ဝင်စားလို့နေပြီး တစ်နှစ်လုပ်ခ ယူရို(၁၀)သန်းခန့်နဲ့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ထားတယ်လို့ အီတလီအခြေစိုက် Tuttomercatoweb သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : BeSoccer

အသက်(၂၂)နှစ်အရွှယ်ရှိ အီတလီလက်ရွေးစင် ဂိုးသမားဒွန်နာရမ်မာဟာ အေစီမီလန်အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်ပေမယ့်လည်း အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်ပြီး အသင်းဘက်ကနေ သက်တမ်းတိုးဖို့ ကမ်းလှမ်းထားမှုကိုပါ ငြင်းဆန်ပယ်ချထားတာဖြစ်လို့ နွေစျေးကွက်အတွင်းမှာပဲ အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာနိုင်တာဖြစ်ပါတယ်။ သူ့လို အရည်အသွေးမြင့် ဂိုးသမားကောင်းတစ်ယောက်ကို စီးရီးအေကလပ်အသင်းတွေအပြင် ပရီးမီးယားလိဂ်နဲ့ လာလီဂါကလပ်အသင်းတွေကပါ အပြိုင်စိတ်ဝင်စားလို့နေကြပြီး ကမ်းလှမ်းမှုတွေကိုလည်း အပြိုင်အဆိုင် လုပ်ဆောင်လို့နေကြပါတယ်။

Photo Credit : Italy24 News English

ဒွန်နာရမ်မာကို စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲမှာ ဘာစီလိုနာအသင်းပါ ပါဝင်လာခဲ့ပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့အတွက် ကစားသမားရဲ့ တစ်နှစ်လုပ်ခလစာကို ယူရို(၁၀)သန်းနဲ့ ကမ်းလှမ်းထားခဲ့ကာ (၅)နှစ်စာချုပ်ချုပ်ဆိုသွားမယ်လို့ Tuttomercatoweb ကနေ ဖော်ပြလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အရန်ဂိုးသမားနက်တိုနဲ့ လမ်းခွဲဖို့ နီးစပ်နေတာကြောင့် ဒွန်နာရမ်မာနဲ့ ပြန်လည်အစားထိုးနေချင်တာဖြစ်သလို ဒွန်နာရမ်မာလို ဂိုးသမားကောင်းတစ်ယောက်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းနိုင်မှာဖြစ်လို့ ကမ်းလှမ်းမှုတစ်ခုကို စတင်လုပ်ဆောင်ထားရတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ လတ်တလောမှာလည်း မန်စီးတီးအသင်းရဲ့ ကစားသမားတွေဖြစ်ကြတဲ့ ဝါရင့်တိုက်စစ်မှူး ဆာဂျီယိုအဂွဲရိုးနဲ့ စပိန်နောက်ခံလူ အဲရစ်ဂါဆီယာတို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့သလို နယ်သာလန်အသင်းဖော်တွေဖြစ်တဲ့ ဝိုင်နယ်လ်ဒမ်းနဲ့ မန်ဖစ်ဒီပိုင်းတို့ကိုလည်း အလွတ်ပြောင်းရွှေ့ကြေးတွေနဲ့ပဲ ဆက်လက်ခေါ်ယူသွားဖို့ အခြေအနေကောင်းလို့နေပါတယ်။