ဒီတစ်ပတ်ရဲ့ကစားသမားသစ်မိတ်ဆက် အစီအစဉ်မှာတော့ လတ်တလောမှာ အသင်းအတွင်း မတည်ငြိမ်မှုတွေ အရမ်းများပြားလို့နေတဲ့ ဘာစီလိုနာအသင်းရဲ့ကစားသမားသစ်လေးတစ်ယောက်ဖြစ်တဲ့ ပေါ်တူဂီတိုက်စစ်ကစားသမာလေး ဖရန်ဆစ်စကိုထရန်ကာအိုရဲ့အကြောင်းနဲ့ မိတ်ဆက်ပေးသွားချင်ပါတယ်ခင်ဗျာ

Photo Credit : Youtube

အမည်ရင်း – ဖရန်ဆစ်စကို အန်တိုနီယို မာချာဒို မိုတာ ကတ်စထရို ထရန်ကာအို
မွေးသက္ကရာဇ် – ၂၉ရက် ဒီဇင်ဘာ ၁၉၉၉ခုနှစ် (အသက်၂၀)
နိုင်ငံ – ပေါ်တူဂီ
အရပ် – (၆)ပေ
ကစားတဲ့နေရာ – တိုက်စစ်
အသင်းဟောင်း – စပို့တင်းဘရာဂါ

Photo Credit : Goal

အသက်(၂၀)အရွှယ်သာရှိသေးတဲ့ ပေါ်တူဂီလူငယ်တိုက်စစ်ကစားသမားလေး ထရန်ကာအိုဟာ ပြီးခဲ့တဲ့ ဆောင်းရာသီအပြောင်းအရွှေ့စျေးကွက်ကပဲ ဘရာဂါအသင်းကနေ ဘာစီလိုနာအသင်းဆီကို ယူရို(၃၁)သန်း (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ အကြိုသဘောတူညီခဲ့တာဖြစ်ပါတယ်။ ညာတောင်ပံနေရာမှာ အဓိကပါဝင်ကစားတတ်သူဖြစ်တဲ့ ထရန်ကာအိုကို ဘာစီလိုနာအသင်းကနေ စာချုပ်လျော်ကြေးကို ယူရိုသန်း(၅၀၀)အထိပါ သတ်မှတ်ထားခဲ့တာဖြစ်ပြီး ကနဦးပိုင်းတုန်းက အသင်းကနေ အငှားချဖို့ စီစဉ်ခဲ့ပေမယ့်လည်း လက်ရှိမှာ အသင်းက မက်ဆီနဲ့ဆွာရက်ဇ်တို့လို တိုက်စစ်ကစားသမားတွေ အသင်းကနေ ထွက်ခွာဖွယ်ရှိနေတာကြောင့် ထရန်ကာအိုကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းသွားဖို့ အခြေအနေများလျက် ရှိလို့နေပါတယ်။

Photo Credit : Youtube

ထရန်ကာအိုဟာ ပြေးအားအလွန်ကောင်းတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး အလိမ်အခေါက်လည်းကောင်းသလို သူရဲ့အဓိကစွမ်းဆောင်ရည်ကတော့ ဧရိယာအပြင်ဘက်ကနေ လှမ်းကန်သွင်းတတ်တဲ့ ဂိုးကန်ချက်တွေဖြစ်ပါတယ်။ ထရန်ကာအိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ဘရာဂါအသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၄၀)အထိ ပါဝင်ကစားခဲ့ပြီး သွင်းဂိုး(၉)ဂိုးနဲ့ ဂိုးဖန်တီးမှု(၁၃)ကြိမ်အထိကို ပြုလုပ်ထားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။