ဘာစီလိုနာအသင်းရဲ့နောက်ခံကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ အသင်းရဲ့ အားကစားဒါရိုက်တာအဖြစ် ဆောင်ရွက်လျက်ရှိနေတဲ့ အဘီဒယ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အင်တာဗျူးအစီအစဉ်တစ်ခုမှာ နည်းပြဟောင်းဗယ်ဗာဒီ အသင်းကို ကိုင်တွယ်နေစဉ်တုန်းက အသင်းသားတွေဟာ ကြိုးစားအားထုတ်မှု လျော့နည်းခဲ့တယ်လို့ မှတ်ချက်ပြုပြောဆိုခဲ့လို့ လီယွန်နယ်မက်ဆီနဲ့ ပြသာနာဖြစ်ခဲ့ရသလို အခုလည်း သူရဲ့နောက်ထပ်စကားတစ်ခွန်းကြောင့် အသင်းရဲ့ဂန္တဝင်ကစားသမားဟောင်းဇာဗီရဲ့ စိတ်ဆိုးဒေါသထွက်မှုနဲ့ပါ ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။

Photo Credit : AS English

ဘာစီလိုနာအသင်းဟာ ရလဒ်ဆိုးတွေကြောင့် ဗယ်ဗာဒီကို အသင်းကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပြီးတဲ့နောက်မှာ ကာတာဘောလုံးကလပ်အသင်း အယ်ဆတ်မှာ နည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်လို့နေတဲ့ အသင်းရဲ့ကစားသမားဟောင်းဇာဗီကို နည်းပြနေရာပေးဖို့ ကြိုးပမ်းခဲ့သေးပြီး ဇာဗီက ဒီတာဝန်ကိုယူဖို့ အဆင့်သင့်မဖြစ်သေးတာကြောင့် ငြင်းဆန်ပယ်ချခဲ့ရင်းနဲ့ နောက်ဆုံးမှာ ဆယ်တီယန်ကိုပဲ ရွေးချယ်ခန့်အပ်လိုက်ရတာဖြစ်ပါတယ်။ ဒါပေမယ့် ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာ အဘီဒယ်ကတော့ သူတို့အသင်းအနေနဲ့ ဇာဗီကို နည်းပြရာထူးအတွက် ကမ်းလှမ်းမှုမလုပ်ဘူးလို့ပဲ ငြင်းဆန်သွားခဲ့ပါတယ်။

Photo Credit : Getty Images

ပြင်သစ်နောက်ခံလူဟောင်း အဘီဒယ်က စပိန်အားကစားမီဒီယာတစ်ခုဖြစ်တဲ့ SPORT မှာ အင်တာဗျူးလုပ်ရင်းနဲ့ ဘာစီလိုနာအသင်းက သူတို့ရဲ့ကစားသမားဟောင်း ဇာဗီကို နည်းပြသစ်အဖြစ် ကမ်းလှမ်းခဲ့ခြင်း လုံးဝမရှိခဲ့ဘူးလို့ ငြင်းဆိုသွားခဲ့ပါတယ်။ အဘီဒယ်ရဲ့ဒီလိုပြောဆိုချက်အပေါ်မှာတော့ ဇာဗီအနေနဲ့ ဒေါသထွက်နေမှာ သေချာတယ်လို့ စပိန်ရေဒီယိုတစ်ခုကနေ ဖော်ပြလာခဲ့ပြီး ဇာဗီကတော့ ဒီအပေါ်မှာ ဒေါသတကြီးနဲ့ ပြန်လည်တုန့်ပြန်ပြောဆိုမှာမဟုတ်ဘူးလို့ သိရပါတယ်။ ဒါပေမယ့် မက်ဆီကတော့ အဘီဒယ်ရဲ့အနှောင့်အသွားမလွတ်တဲ့ စကားအပေါ်မှာ တော်တော်လေး စိတ်ပျက်ခဲ့ရတာကြောင့် သူရဲ့အင်စတာဂရမ်ပေါ်ကနေ ပြန်လည်တုန့်ပြန်သွားခဲ့ပြီး ဆိုလိုချင်တဲ့ ကစားသမားတွေရဲ့နာမည်ကို တိတိကျကျ မပြောပဲ အခုလို မရေမရာ ပြောဆိုုခြင်းက အသင်းသားတွေကြား ညီညွတ်မှုကို ပြိုကွဲစေနိုင်တယ်လို့ သတိပေးခဲ့တဲ့အပြင် ဘာစီလိုနာအသင်းနဲ့ မက်ဆီတို့ရဲ့အနာဂတ်တောင် လှုပ်ခတ်လာခဲ့ရပါတယ်။