ဘာစီလိုနာအသင်းကတော့ လာမယ့်ရာသီမှာ အသင်းရဲ့လူအင်အားကို မြင့်တင်နိုင်ဖို့အတွက်နဲ့ အားနည်းနေတဲ့ ခံစစ်ပိုင်းကိုပါ ပြင်ဆင်နိုင်ဖို့အတွက် ကစားသမားများစွာကို ပစ်မှတ်ထားလို့နေပြီး အဲ့ဒီပစ်မှတ်ထဲမှာ သူတို့ရဲ့လာမာစီယာအကယ်ဒမီထွက် နောက်ခံလူလေးဖြစ်တဲ့ အဲရစ်ဂါဆီယာကို မန်စီးတီးအသင်းကနေ ပြန်လည်ခေါ်ယူချင်နေပြီး မန်စီးတီးအသင်းကတော့ အသင်းရဲ့ကြယ်ပွင့်ကစားသမားလေးကို ဘယ်အသင်းကိုမှ ရောင်းချဖို့ အစီအစဉ်မရှိကြောင်း SPORT သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : AS English

အသက်(၁၉)နှစ်သာရှိသေးတဲ့ စပိန်နောက်ခံကစားသမားလေး ဂါဆီယာဟာ ၂၀၁၇ခုနှစ်ကမှ ဘာစီလိုနာလူငယ်အသင်းကနေ မန်စီးတီးအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၁၈ ဒီဇင်ဘာလမှာပဲ သူရဲ့မန်စီးတီး စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့ပါတယ်။ ဂါဆီယာဟာ ၂၀၁၉ခုနှစ်မှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စတင်ကစားခွင့်ရခဲ့ကာ ဒီရာသီမှာလည်း ပရီးမီးယားလိဂ် (၈)ပွဲအထိ ကစားထားခဲ့သလို သူရဲ့အကောင်းဆုံးခြေစွမ်းတွေကိုပါ ပြသထားနိုင်ခဲ့တာကြောင့် သူ့ကို အသင်းဟောင်း ဘာစီလိုနာကနေ ပြန်လည်ခေါ်ယူချင်နေတာဖြစ်ပါတယ်။

Photo Credit : Be Soccer

ဗဟိုနောက်ခံကစားသမားလေး အဲရစ်ဂါဆီယာဟာ မန်စီးတီးအသင်းနဲ့ ၂၀၂၂ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတာဖြစ်ပြီး အသင်းက လာမယ့်စျေးကွက်အတွင်းမှာလည်း ဂျွန်စတုန်းစ်ကို ရောင်းချဖွယ်ရှိတာကြောင့် လာမယ့် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ပွဲထွက်ခွင့်တွေ ပိုမိုရလာနိုင်ဖွယ် ရှိနေပါတယ်။ ဒါကြောင့် ဘာစီလိုနာအသင်းဘက်ကနေ ဘယ်လိုကမ်းလှမ်းမှုမျိုးနဲ့ဖြစ်စေ မန်စီးတီးဘက်က ငြင်းဆန်ပယ်ချသွားဖို့ အသင့်ရှိနေတဲ့အပြင် ဂါဆီယာကိုလည်း နှစ်ရှည်သက်တမ်းတိုး စာချုပ်သစ်တစ်ရပ်ပါ ချုပ်ဆိုဖွယ်ရှိနေပါတယ်။ ဘာစီလိုနာအသင်းကလည်း အသင်းရဲ့နောက်တန်းမှာ အဓိကနောက်ခံလူပီကေး အသက်အရွှယ်ကြီးရင့်လာပြီဖြစ်သလို မကြာခဏ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အမ်တီတီကိုပါ အသင်းကနေ ရောင်းထုတ်ဖွယ်ရှိနေတာကြောင့် အသင်းရဲ့ခံစစ်အတွက် အားဖြည့်တင်းမှုတွေ လုပ်ဆောင်ချင်နေတာဖြစ်ပြီး နာပိုလီနောက်ခံလူ ကူလီဘလီနဲ့ အင်တာမီလန်အသင်းရဲ့ ခံစစ်ကစားသမား ရှကရီညာတို့ကိုပါ ပစ်မှတ်ထားလို့နေကာ ဒီကစားသမားတွေကိုလည်း မန်စီးတီးဘက်ကနေ စိတ်ဝင်တစားရှိနေတာကြောင့် အပြိုင်ကမ်းလှမ်းကြဖွယ် ရှိနေပါတယ်။