စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ အဓိက ကစားသမားလည်းဖြစ် ၊ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ လီယွန်နယ် မက်ဆီကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် အသင်းရဲ့ အဓိက ကစားသမား တဦး ဖြစ်သူ ဂရစ်ဇ်မန်းကို အသင်းကနေ ရောင်းချဖို့ လိုအပ်ကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၄နှစ် အရွယ် ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ပြီးခဲ့တဲ့ ဇွန်လ ၃၀ရက်နေ့ထဲက ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးခဲ့တဲ့ ကစားသမား တဦး ဖြစ်ပေမယ့် စာချုပ်သစ် ချုပ်ဆိုဖို့ အတွက် ဘာစီလိုနာအသင်းနဲ့ နှုတ်အားဖြင့် သဘောတူညီမှု ရယူထားနိုင်သူပါ။

Photo Credit: AS English

ဒါပေမယ့် ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ဘဏ္ဍာရေး အကြပ်အတည်းကြောင့် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုဖို့ ခက်ခဲနေပြီး မက်ဆီကို စာချုပ်သစ် မချုပ်ဆိုမီ အသင်းရဲ့ လုပ်ခလစာ ပေးချေနေရတဲ့ ပမာဏကို လျှော့ချဖို့ လိုအပ်နေကာ လက်ရှိမှာတော့ ကော်တင်ဟို ၊ ဂရစ်ဇ်မန်း ၊ အမ်တီတီ ၊ ပီယာနစ် စတဲ့ လုပ်ခလစာ မြင့်မားတဲ့ ကစားသမားတွေကို အသင်းကနေ ရှင်းထုတ်ဖို့ စီစဉ်နေပါတယ်။

ဘာစီလိုနာအသင်းဟာ ကမ္ဘာပေါ်မှာ ကစားသမားတွေကို လုပ်ခလစာ အမြင့်မားဆုံး ပေးချေနေတဲ့ အသင်းတွေထဲက တသင်း ဖြစ်တာကြောင့် ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့လာရချိန်မှာ အသင်းရဲ့ လုပ်ခလစာ မြင့်မားတဲ့ ကစားသမား တချို့ကို မဖြစ်မနေ ရောင်းချဖို့ လိုအပ်လာပါတယ်။

Photo Credit: AS English

လက်ရှိမှာတော့ ကော်တင်ဟို ၊ အမ်တီတီနဲ့ ပီယာနစ်တို့ဟာ ပုံမှန် ခြေစွမ်းကောင်းတွေ ပျောက်ဆုံးနေတဲ့ ကစားသမားတွေ ဖြစ်တာကြောင့် သူတို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ များများစားစား မရှိပဲ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ဘာစီလိုနာအသင်းဘက်က ရောင်းချဖို့ အလွယ်ကူဆုံး ကစားသမား ဖြစ်နေပါတယ်။

ဒါပေမယ့် အသက် ၃၀အရွယ် ရှိနေပြီ ဖြစ်သလို လုပ်ခလစာလည်း မြင့်မားတဲ့ ဂရစ်ဇ်မန်းကို အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားတဲ့ အသင်းတွေ မရှိပဲ ပရီးမီးယားလိဂ် ထိပ်သီးအသင်းတွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီး ၊ ချယ်လ်ဆီးအသင်းနဲ့ အာဆင်နယ်အသင်းတို့ ကတော့ ဂရစ်ဇ်မန်းကို တရာသီ အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စား နေကြောင်း ကတ်တလန်တာ အခြေစိုက် နာမည်ကြီး သတင်းဌာနတွေက တညီတညွတ်ထဲ ဖော်ပြထားပါတယ်။

စပိန်နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Deportes Cuatro သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ အသင်းဟာ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အတွက် အသင်းမှာ တပတ်လုပ်ခလစာ ယူရို ၈သိန်း ၈သောင်း အထိ ရရှိနေတဲ့ ဂရစ်ဇ်မန်းကို မဖြစ်မနေ ရောင်းချဖို့ လိုအပ်ပြီး အကယ်၍ ဝယ်ယူလိုတဲ့အသင်း မရှိပါကလည်း ဂရစ်ဇ်မန်းကို တရာသီ အငှားချဖွယ် ရှိကြောင်း သိရပါတယ်။