ဘာစီလိုနာအသင်းဟာ တိုက်စစ်မှူး ဒမ်ဘီလီ ဒဏ်ရာ ရရှိနေတာကြောင့် တိုက်စစ်မှူး အသစ်ခေါ်ယူခွင့် ပေးဖို့ လာလီဂါကို တောင်းဆိုတဲ့ အချိန်မှာ လာလီဂါက (၁၅) ရက်အတွင်း ကစားသမားသစ် ခေါ်ယူခွင့် ပေးခဲ့ပါတယ်။ ဘာစီလိုနာအသင်းဟာ လူသစ် ခေါ်ယူခွင့် ရရှိခဲ့ပေမဲ့ အကန့်အသတ် ရှိနေပြီး အသင်းလက်မဲ့ ကစားသမား ဒါမှမဟုတ် စပိန် ဘောလုံး အဖွဲ့ချုပ်က ကျင်းပနေတဲ့ လာလီဂါ နဲ့ ဆီဂန်ဒါမှာ ပါဝင်နေတဲ့ ကစားသမားမှ ခေါ်ယူလို့ ရမှာ ဖြစ်ပါတယ်။

Photo Credit: FootballEspana

ဘာစီလိုနာအသင်းဟာ လူသစ် ကစားသမား ခေါ်ယူပြီးရင် ကစားသမားသစ်အနေနဲ့ လာလီဂါ ပြိုင်ပွဲမှာသာ ကစားခွင့် ရမှာ ဖြစ်ပြီး အပြီးသတ် လူစားရင် ရွေးချယ်ထားပြီးသား ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားခွင့် မရမှာ ဖြစ်ပါတယ်။ စပိန်အခြေစိုက် football-espana သတင်းက နည်းပြ ဆက်တီယန်ရဲ့ ဘာစီလိုနာအသင်းဟာ (၁၅) ရက်အတွင်း စပိန် လာလီဂါကလပ် လီဂါနက်စ်အသင်း တိုက်စစ်မှူး မာတင် ဘရိသဝိတ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

Photo Credit: FootballEspana

ဒိန်းမတ် တိုက်စစ်မှူး မာတင် ဘရိသဝိတ်ဟာ လက်ရှိရာသီမှာ လီဂါနက်စ်အသင်းအတွက် ပြိုင်ပွဲစုံ (၂၄) ပွဲ ကစားထားရာမှာ သွင်းဂိုး (၆) ဂိုး နဲ့ ဂိုးဖန်တီးမှု (၁) ကြိမ် ပြုလုပ်ခဲ့ပါတယ်။ လီဂါနက်စ်အသင်းဟာ ပြီးခဲ့တဲ့ လမှာ တိုက်စစ်မှူး Youssef En-Nesyri ကို ယူရို သန်း (၂၀) နဲ့ ရောင်းချခဲ့တာကြောင့် တိုက်စစ်မှူး မာတင် ဘရိသဝိတ်ကိုတော့ ထပ်ရောင်းဖို့ ဖြစ်နိုင်ချေ နည်းပါးပြီး ဘာစီလိုနာအနေနဲ့ (၁၅) ရက်အတွင်း ဘယ်သူ့ကို ခေါ်မလဲ စောင့်ကြည့်ရမှာပါ။