ဘာစီလိုနာအသင်းကတော့ ဒီနှစ်ဘောလုံးရာသီမှာ အရင်က ဝတ်လေ့ဝတ်ထမရှိတဲ့ ကျားကွက်ပုံစံဒီဇိုင်းနဲ့ အိမ်ကွင်းဝတ်စုံကို ဝတ်ဆင်ခဲ့လို့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပေမယ့် လာမယ့်ဘောလုံးရာသီသစ်မှာတော့ သူတို့ရဲ့ယခင်ဒီဇိုင်းကိုသာ ပြန်လည်ဝတ်ဆင်သွားတော့မှာဖြစ်ပြီး ဝတ်စုံသစ်ရဲ့ပုံစံကိုလည်း မနေ့ကပဲ ထုတ်ပြန်လာခဲ့ရာ ဘာစီလိုနာပရိသတ်တချို့ကတော့ ဘာစီရဲ့ဝတ်စုံဒီဇိုင်းသစ် ခရစ္စတယ်ပဲလေ့စ်ရဲ့ ဒီဇိုင်းကို ပြန်လည်ဆန်းသစ်ထားတာလို့ နောက်ပြောင်ပြောဆိုသွားခဲ့ကြပါတယ်။

Photo Credit : The Sun

ဘာစီလိုနာအသင်းရဲ့ လာမယ့်ရာသီမှာ ဝတ်ဆင်သွားမယ့် ဝတ်စုံသစ်ကို မက်ဆီ ပီကေး ဒီဂျောင်နဲ့ ဂရစ်ဇ်မန်းကိုယ်တိုင်က ဝတ်ဆင်ခဲ့ပြီး ဝတ်စုံသစ်မိတ်ဆက်မှုကို ပြုလုပ်ခဲ့ရာ ဘာစီလိုနာဝတ်ဆုံသစ်ကို ပရိသတ်အများစုက သဘောကျခဲ့ပေမယ့် ပရိသတ်တချို့ကတော့ ဝတ်စုံဒီဇိုင်းက ပရီးမီးယားလိဂ် ကလပ်အသင်း ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ အိမ်ကွင်းဝတ်စုံဒီဇိုင်းနဲ့ ဆင်တူလို့နေပြီး မသိရင် အသင်း(၂)သင်းက တစ်ခုခုပတ်သတ်နေလို့ ဝတ်စုံဒီဇိုင်းကို ပုံစံတူလုပ်ဆောင်ထားတယ်လို့တောင် ထင်ရလောက်တယ်လို့ လှောင်ပြောင်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : AS English

ပဲလေ့စ်အသင်း ဒီနှစ်ဘောလုံးရာသီမှာ ဝတ်ဆင်ထားတဲ့ အိမ်ကွင်းဝတ်စုံက လာမယ့်နှစ် ဘောလုံးရာသီမှာ ဘာစီလိုနာတို့ ဝတ်ဆင်သွားမယ့် အိမ်ကွင်းဝတ်စုံနဲ့ ဒီဇိုင်းပုံစံက အတော်လေးကို ဆင်တူလွန်းနေပြီး ဒါကိုလည်း ဘာစီလိုနာပရိသတ်တွေကနေ သတိထားမိလာခဲ့တာကြောင့် လှောင်ပြောင်တဲ့ မှတ်ချက်တွေကို ရေးသားလာခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ဝတ်စုံဒီဇိုင်းသစ်နဲ့ပတ်သက်ပြီး “ဘာစီလိုနာရဲ့ပြင်ဆင်မှုက မသိရင် စပိန်ခရစ္စတယ်ပဲလေ့စ်အသင်းလိုပဲ”
“ဘယ်အချိန်တုန်းက ဘာစီလိုနာကို ပဲလေ့စ်အသင်း ဝယ်လိုက်တာလဲ” “ဒီဝတ်စုံက စိတ်ပျက်စရာကောင်းပါတယ်။ ကျွန်တော်တို့အသင်းက တစ်နှစ်ပြီးတစ်နှစ် ခြေစွမ်းရော ဝတ်စုံဒီဇိုင်းတွေပါ အကုန်ကို ကျဆင်းနေတာပဲ” “မုန်းစရာကောင်းလိုက်တာ။ Nike နဲ့ လက်တွဲဖြုတ်လိုက်ပါ” အစရှိတဲ့ မှတ်ချက်တွေကို လူမှုကွန်ယက်တွေပေါ်မှာ ရေးသားလာခဲ့ကြပါတယ်။ ဘာစီလိုနာအသင်းဟာ ဒီလိုပုံစံမျိုးကို လွန်ခဲ့တဲ့ ၂၀၁၀/၂၀၁၁ ဘောလုံးရာသီလောက်တုန်းက ဝတ်ဆင်ဖူးခဲ့တဲ့ ပုံစံဟောင်းနဲ့လည်း ဆင်တူနေပြီး ဒီအတွက်ကိုလည်း ဘာစီလိုနာပရိသတ်တွေက ဝေဖန်ပြစ်တင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ လက်ရှိမှာတော့ စပိန်လာလီဂါဖလားကို ပြိုင်ဘက်ရီးရဲလ်မက်ဒရစ်အသင်းဆီကို လွဲပြောင်းရဖို့ အလွန်နီးစပ်လျက် ရှိနေပါတယ်။