စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ပြင်သစ် တောင်ပံ ကစားသမား ဖြစ်သူ ဒမ်ဘီလီကို မကြာခင်မှာ အသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့နဲ့ အကယ်၍ စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့ တုံ့ဆိုင်းနေရင် အသင်းကနေ ရောင်းထုတ်တော့မယ် ဆိုပြီး အသိပေးတော့မယ်လို့ ပြင်သစ် အခြေစိုက် သတင်းဌာနတွေနဲ့ စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၄နှစ် အရွယ် ပြင်သစ် လက်ရွေးစင် တောင်ပံကစားသမား အူစမာနီ ဒမ်ဘီလီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့တဲ့ ကစားသမား ဖြစ်ပြီး အကယ်၍ အသင်းနဲ့သာ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခြင်း မရှိပါက လာမယ့် ဘောလုံးရာသီ အကုန်မှာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမယ့် ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ဘာစီလိုနာအသင်းဟာ ဒမ်ဘီလီကို ၂၀၁၇ခုနှစ်မှာ ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဒေါ့မွန်အသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၃၅သန်း အထိ ပေးချေကာ ခေါ်ယူထားရတာကြောင့် ဒမ်ဘီလီ တယောက် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားမှာကို စိုးရိမ်နေပြီး စာချုပ်သစ် ချုပ်ဆိုဖို့လည်း ခပ်မြန်မြန် လှုပ်ရှား နေပါတယ်။ ဒါပေမယ့် ဒမ်ဘီလီဘက် ကတော့ ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သွေးအေးနေဆဲ ဖြစ်သလို ဒမ်ဘီလီရဲ့ အေးဂျင့်တွေဟာ ဘာစီလိုနာအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ ဆွေးနွေးမှုတချို့ ပြုလုပ်ခဲ့ပေမယ့် အဆိုပါ ဆွေးနွေးမှုတွေဟာ မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ ဘာစီလိုနာ အသင်းဟာ ဒမ်ဘီလီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ဖို့ ဆန္ဒမရှိပဲ အကယ်၍ အသင်းနဲ့ စာချုပ်သစ် ထပ်မံ ချုပ်ဆိုခြင်း မရှိပါက ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ ဒမ်ဘီလီကို ရောင်းချသွားဖို့ ဆုံးဖြတ်ထားကြောင်း အသင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။

Photo Credit: Everything Barca

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ဒမ်ဘီလီကို ဘီလူးဆိုင်းတီးခြင်း မရှိသေးပေမယ့် လာမယ့်ရက်ပိုင်း အတွင်းမှာပဲ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုချင်ပါက ခပ်မြန်မြန် ချုပ်ဆိုရန်နှင့် အကယ်၍ စာချုပ်သစ် မချုပ်ဆိုပါက ယခု နွေရာသီမှာပဲ အသင်းသစ် ရှာဖွေကာ အသင်းကနေ ထွက်ခွာဖို့ အသိပေးဖွယ်ရှိကြောင်း သိရပါတယ်။ လတ်တလောမှာတော့ ဒမ်ဘီလီကို ခေါ်ယူဖို့ အတွက် ပြင်သစ် အင်အားကြီးကလပ် ပီအက်စ်ဂျီအသင်း ၊ အီတလီ အင်အားကြီးကလပ် ဂျူဗင်တပ် ၊ ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်နဲ့ ပရီးမီယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းတို့က မျက်စိကျနေပြီး ဘာစီလိုနာအသင်း ကတော့ ဒမ်ဘီလီကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ရောင်းချချင်နေပါတယ်။