စပိန် လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းကတော့ သူတို့အသင်းရဲ့ ပြင်ဆင် ဖို့ လိုအပ်တဲ့ တိုက်စစ်ပိုင်းအတွက် ကာလရှည် စောင့်ကြည့်လာခဲ့တဲ အင်တာမီလန်အသင်းရဲ့ အာဂျင်တီးနား တိုက်စစ်မှူး မာတီနက်စ်ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရှိရပါတယ်။ အသက်၂၂နှစ် အရွယ်သာ ရှိတဲ့ မာတီနက်စ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ အင်တာမီလန်အသင်းနဲ့အတူ ခြေစွမ်းပြ ကစားထားနိုင်တဲ့ တိုက်စစ်မှူး တစ်ဦးဖြစ်ပြီး စီးရီးအေပွဲ ၂၈ပွဲ ပါဝင် ကစားထားရာမှာ ၁၂ဂိုး သွင်းယူထားကာ ၂ဂိုး ဖန်တီးပေးထားနိုင်ခဲ့သူပါ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က ဘာစီလိုနာအသင်းဟာ မာတီနက်စ်ကို ခေါ်ယူဖို့ ဆန္ဒမရှိတော့ဘူးလို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အဆိုပါ သတင်းတွေဟာ မှန်ကန်မှု မရှိခဲ့ပါဘူး။

Photo Credit: Sports Bible

နာမည်ကြီး သတင်းဌာနတစ်ခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဘာစီလိုနာ အသင်းဟာ မာတီနက်စ်ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပြီး လက်ရှိ မှာတော့ မာတီနက်စ်အတွက် ပေးချေရမယ့် ပြောင်းရွှေ့ကြေးကို အင်တာမီလန်အသင်းနဲ့ အတူ ညှိနှိုင်းနေပြီလို့ သိရပါတယ်။ ဘာစီလိုနာ အသင်းဟာ လက်ရှိမှာ မက်ဆီ ၊ ဂရစ်ဇ်မန်း ၊ ဆွာရက်ဇ် စတဲ့ ထိပ်တန်း တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် တိုက်စစ်မှူး သုံးဦးစလုံး ဟာ အသက်အရွယ် ရလာပြီ ဖြစ်တာကြောင့် မက်ဆီ ၊ ဆွာရက်ဇ်တို့ ခေတ်လွန်မှာ အသင်းကို ဦးဆောင်နိုင်မယ့် တိုက်စစ် ကစားသမား တစ်ဦးကို ဝယ်ယူဖို့ ကြိုးစားနေတာ ဖြစ်ပြီး အသင်းရဲ့ ကစားသမားဟောင်း နေမာကို ပြန်လည် ခေါ်ယူဖို့ ကြိုးစားနေပေမယ့် အဆင် မပြေတာကြောင့် မာတီနက်စ်ကို ပြောင်းလဲ ကြိုးစားလာခဲ့တာပါ။

Photo Credit: Sports Bible

အင်တာမီလန်အသင်းဘက် ကလည်း ဘာစီလိုနာအသင်းကသာ မာတီနက်စ်အတွက် သင့်တော်တဲ့ ပြောင်းရွှေ့​ကြေး တစ်ရပ်ကို ပေးချေပါက ရောင်းချဖို့ အသင့် ရှိနေကြောင်း အီတလီ သတင်းစာတွေရဲ့ ဖော်ပြမှု အရ သိရပြီး မာတီနက်စ် ထွက်ခွာသွားပါက မန်ယူအသင်း ကနေ အငှားနဲ့ ခေါ်ယူထားတဲ့ ဆန်းချက်ကို အပြီးသတ် ခေါ်ယူဖို့လည်း ပြင်ဆင်ထားတယ် လို့ သိရှိရပါတယ်။ ESPN သတင်းဌာနရဲ့ ဖော်ပြချက် အရ ဘာစီလိုနာ အသင်းဟာ မာတီနက်စ် ကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘော တူညီမှု ရရှိထားပေမယ့် အသင်းရဲ့ ကွင်းလယ် ကြယ်ပွင့်ဖြစ်သူ ကော်တင်ဟိုကို ရောင်းချပြီးမှသာ မာတီနက်စ်ကို အပြီးသတ် ခေါ်ယူမှာ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာအသင်းရဲ့ ပရိသတ်တွေ ကတော့ အသင်းမှာ မာတီနက်စ်ကို မြင်ချင်ရင် ကော်တင်ဟိုကို ဝယ်ယူမယ့် အသင်း မြန်မြန် ပေါ်လာပါစေလို့ ဆုတောင်းနေရတော့မှာပါ။