မကြာသေးခင်ကမှ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်အဖြစ်နဲ့ စတင်တာဝန်ယူ ဆောင်ရွှက်လာခဲ့ရတဲ့ ဇာဗီဟာနန်ဒက်ဇ်ဟာ ဘာစီလိုနာမှာ ကစားသမားဘဝနဲ့ ကျင်လည်ခဲ့စဉ်တုန်းက သူနဲ့ တွဲဖက်ကစားခဲ့ဖူးတဲ့ ဝါရင့်နောက်ခံအစွန်လူ ဒန်နီအဲလ်ဗက်စ်ကို ကလပ်အသင်းဆီ ကာလတိုစာချုပ်နဲ့ ပြန်လည်ခေါ်ယူထားခဲ့တဲ့အပြင် နောက်ထပ် ဘာစီလိုနာ ကစားသမားဟောင်းဖြစ်တဲ့ သီယာဂိုအယ်လ်ကန်တာရာကိုပါ ထပ်မံခေါ်ယူချင်နေတယ်လို့ စပိန်သတင်းမီဒီယာ Sport ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Twitter

ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းနဲ့ လမ်းခွဲပြီးနောက် အသင်းလက်မဲ့ ဖြစ်လို့နေရတဲ့ အသက်(၃၈)နှစ်အရွှယ် ဝါရင့်ညာနောက်ခံလူကြီး ဒန်နီအဲလ်ဗတ်ကို ဘာကာနည်းပြသစ်ဇာဗီက ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၂)ရက်နေ့မှာပဲ အသင်းဆီ ပြန်လည်ခေါ်ဆောင်ထားခဲ့ပြီးနောက် လာမာစီယာ အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး လက်ရှိ လီဗာပူးလ်အသင်းမှာ ပါဝင်ကစားနေတဲ့ စပိန်ကွင်းလယ်လူ သီယာဂိုအယ်ကန်တာရာကိုပါ ထပ်မံခေါ်ဆောင်ချင်နေတာ ဖြစ်ပါတယ်။ ဇာဗီနဲ့ ဘာစီလိုနာအသင်းမှာ အချိန်တစ်ခုလောက်အထိ တွဲဖက်ကစားခဲ့ဖူးတဲ့ သီယာဂိုကို အသင်းဆီ ပြန်လည်ခေါ်ယူဖို့်အတွက် ဇာဗီက ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာနဲ့ပါ ဆွေးနွေးမှုတွေ ပြုလုပ်ထားတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

၂၀၁၃ခုနှစ်က ဘာစီလိုနာအသင်းကနေ ထွက်ခွာပြီး ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ သီယာဂိုအယ်ကန်တာရာဟာ ဂျာမနီမြေကို ပြောင်းရွှေ့ခဲ့ပြီးနောက် ဘိုင်ယန်နဲ့အတူ ဆုဖလားအောင်မြင်မှုတွေကို ရယူနိုင်ခဲ့ပြီး ဘိုင်ယန်ကနေ လီဗာပူးလ်ကို မပြောင်းရွှေ့ခင် ဘောလုံးရာသီအတွင်းမှာပဲ ဆုဖလား(၃)လုံး အောင်မြင်မှုကို ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက်(၃၀)အရွှယ်ရှိ စပိန်ကွင်းလယ်ကစားသမား သီယာဂိုဟာ ဘာစီလိုနာအသင်းနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေပေမယ့်လည်း လီဗာပူးလ်အသင်းမှာ ပါဝင်နေရခြင်းအပေါ် ပျော်ရွှင်လျက်ရှိနေတာကြောင့် လီဗာပူးလ်ကနေ ထွက်ခွာပြီး အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားဖို့က ဖြစ်နိုင်ခြေ နည်းပါးနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကမှ ဘိုင်ယန်မြူးနစ်ကနေ လီဗာပူးလ်အသင်းဆီကို ရောက်ရှိလာခဲ့တဲ့ သီယာဂိုဟာ လီဗာပူးလ်အသင်းနဲ့ ၂၀၂၄ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားခဲ့တာဖြစ်ပြီး ဒီရာသီမှာ ဒဏ်ရာပြသာနာတချို့ကြောင့် အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်ထားခဲ့ရတာ ဖြစ်ပါတယ်။