စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီး ကလပ် မန်ချက်စတာ စီးတီးအသင်းရဲ့ စပိန်လူငယ် တောင်ပံတိုက်စစ် ကစားသမား ဖာရန်း တောရက်စ်ကို ခေါ်ယူဖို့ အတွက် တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

သမိုင်းတလျှောက် အဆိုးဝါးဆုံး ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ ငွေကြေးကျပ်တည်းမှုရဲ့ နောက်ဆက်တွဲ အနေနဲ့ တန်ကြေးမြင့် ကစားသမားတွေကို ခေါ်ယူနိုင်စွမ်း မရှိတော့တာကြောင့် ခြေစွမ်းကောင်းမွန်ကာ ပြောင်းရွှေ့ကြေးလည်း နည်းပါးမယ့် လူငယ်ကြယ်ပွင့်တွေကို လိုက်လံ ရှာဖွေနေပါတယ်။

Photo Credit: Marca

ကနဦးမှာ ဘာစီလိုနာအသင်းဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ အင်္ဂလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား စတာလင်းကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မန်ချက်စတာ စီးတီးအသင်းက စတာလင်း အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း အထိ တောင်းဆိုခဲ့တာကြောင့် စတာလင်းကို ခေါ်ယူဖို့ ကြိုးစားနေမှုအား လက်လျော့ကာ စပိန်လူငယ်ကြယ်ပွင့် ဖာရန်း တောရက်စ်ကို ခေါ်ယူဖို့ ပြောင်းလဲ ကြိုးပမ်းနေတာပါ။

အသက် ၂၁နှစ် အရွယ် စပိန်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဖာရန်း တောရက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဗလင်စီယာအသင်း ကနေ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၃သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး မန်ချက်စတာ စီးတီးအသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသူပါ။

Photo Credit: Marca

အင်္ဂလန်ရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ သတင်းထောက် Sam Leeရဲ့ ဖော်ပြချက်အရ ဘာစီလိုနာအသင်းရဲ့ အားကစား ဒါရိုက်တာ အလီမာနီဟာ မန်ချက်စတာ စီးတီးအသင်းရဲ့ လေ့ကျင့်ရေးကွင်းဆီ ရောက်ရှိနေကာ ဖာရန်း တောရက်စ်ကို ခေါ်ယူဖို့ အတွက် မန်ချက်စတာ စီးတီးအသင်းရဲ့ တာဝန်ရှိသူတွေနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

စပိန်သား တဦး ဖြစ်သလို မန်ချက်စတာ စီးတီးအသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ ဖာရန်း တောရက်စ်က ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ချင်နေပေမယ့် မန်ချက်စတာ စီးတီးအသင်းက ဖာရန်း တောရက်စ်ကို အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ရမှသာ ရောင်းချချင်နေပြီး ဘာစီလိုနာအသင်း ကတော့ ဖာရန်း တောရက်စ်ကို ရာသီဝက်အငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ အပြီးသတ် ခေါ်ယူမယ့် အချက် ပါဝင်တဲ့ ကမ်းလှမ်းမှုနဲ့ ကမ်းလှမ်းဖွယ် ရှိကြောင်း စပိန်နာမည်ကြီး သတင်းထောက် မော်ရီနိုက ဆိုပါတယ်။