လတ်တလောမှာ အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့ကို ရောက်ရှိလို့နေတဲ့ ဘာစီလိုနာအသင်းရဲ့ အားကစားဒါရိုက်တာဖြစ်သူ မန်ချက်စတာစီးတီးအသင်းရဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ ရာဟင်စတာလင်နဲ့ ဖယ်ရန်တောရကက်စ်တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့သလို နောက်ထပ် မန်ချက်စတာ ကလပ်အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်ကစားသမား အန်တိုနီမာစီယဲလ်ကို ခေါ်ယူသွားဖို့ကိုပါ ဆက်သွယ်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ Mundo Deportivo ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Daily Mail

လာမယ့် ဆောင်းရာသီ စျေးကွက်အတွင်းမှာပဲ ကစားသမားသစ်တွေနဲ့ အသင်းကို အင်အားဖြည့်တင်းသွားဖို့ ပြင်ဆင်လျက် ရှိနေတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ အသင်းရဲ့ အားကစားဒါရိုက်တာကို မန်ချက်စတာမြို့ဆီ စေလွှတ်ထားခဲ့ပြီး အသင်းရဲ့ အဓိကပစ်မှတ် ကစားသမားတွေကို ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။ လက်ရှိမှာလည်း ဘာစီလိုနာအသင်းဟာ ယူနိုက်တက်မှာ နေရာရဖို့ ေြ့ခစွမ်းပြဖို့ ရုန်းကန်နေရတဲ့ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ကို ခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်အသင်းဆီ ဆက်သွယ်ထားခဲ့ပေမယ့်လည်း ယူနိုက်တက်ဘက်ကတော့ အသင်းရဲ့ ယာယီနည်းပြသစ် ရန်းနစ်ရဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မသိရှိရသေးတာကြောင့် ချိတ်ဆက်မှုကို ပယ်ချထားခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၅)နှစ်အရွှယ်ရှိ ပြင်သစ်တိုက်စစ်ကစားသမား မာစီယဲလ်ဟာ ၂၀၁၅ခုနှစ်ကမှ လီဂူးကလပ် မိုနာကိုအသင်းကနေ ယူနိုက်တက်အသင်းဆီကို ပေါင်(၃၆)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲဦးထွက်မှာ တောက်ပခဲ့ပေမယ့်လည်း နောက်ပိုင်းနှစး်တွေမှာတော့ သူရဲ့စွမ်းဆောင်ရည်တွေက ကျဆင်းလာခဲ့ရသလို ပွဲထွက်ခွင့်တွေလည်း နည်းပါးလာခဲ့ရပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံ(၉)ပွဲ စုစုပေါင်း မိနစ်(၃၅၇)မိနစ်သာ ပါဝင်ထားခဲ့ရတဲ့ မာစီယဲလ်ကို လတ်တလောမှာ ဥရောပ ကလပ်အသင်းတွေကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေကြပြီး ဒီအသင်းတွေထဲမှာလည်း ဘာစီလိုနာအသင်းပါ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ဖြစ်တဲ့ ဇာဗီဟာနန်ဒက်ဇ်ကပါ မာစီယဲလ်ကို သဘောကျ နှစ်သက်သူ ဖြစ်တာကြောင့် အသင်းဆီကို အငှားစာချုပ်လောက်နဲ့ ကမ်းလှမ်းသွားချင်နေပြီး အငှား+အပြီးသတ် ခေါ်ယူခွင့်နဲ့ပါ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။ ဒါပေမယ့်လည်း ယူနိုက်တက်ဘက်က အသင်းရဲ့ ယာယီနည်းပြသစ် ရန်းနစ်ရဲ့ အစီအစဉ်အတွင်းမှာ မာစီယဲလ် ပါဝင်နေခြင်း ရှိမရှိ မသေချာသေးတာကြောင့် ဘာစီလိုနာအသင်းရဲ့ ဆက်သွယ်မှုကို ငြင်းဆန်ထားရတာ ဖြစ်ပါတယ်။