စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာဟာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း ပြဿနာကို ဖြေရှင်းဖို့ လာမယ့် နွေရာသီဈေးကွက် အတွင်းမှာ ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ချိန်ရွယ်ထားပေမယ့် အကယ်၍ လီဝမ်ဒေါစကီးကိုသာ မခေါ်ယူနိုင်ခဲ့ရင် ချယ်လ်ဆီး တိုက်စစ်မှူး လူကာကူကို ပြောင်းလဲ ခေါ်ယူဖို့ စီစဉ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာဟာ လူးဝစ် ဆွာရက်ဇ် မရှိတော့တဲ့ နောက်ပိုင်း အားနည်းသွားတဲ့ သူတို့အသင်းရဲ့ ဗဟိုတိုက်စစ် နေရာကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ အတွင်းမှာ အဓိက အင်အား ဖြည့်တင်းဖို့ ချိန်ရွယ်နေပြီး သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ် တိုက်စစ်မှူးကတော့ လီဝမ်ဒေါစကီးပဲ ဖြစ်ပါတယ်။

Photo Credit: 90 Mins

လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရတဲ့ လီဝမ်ဒေါစကီးဟာ ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ဘက်က သူ့ကို စာချုပ်သစ် ချုပ်ဆိုချင်နေပေမယ့် လီဝမ်ဒေါစကီးကတော့ ဂျာမန်မြေကို စွန့်ခွာကာ ဘာစီလိုနာဆီ ပြောင်းရွှေ့ပြီး စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်နေပါတယ်။

ဘာစီလိုနာကလည်း စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ လီဝမ်ဒေါစကီး အတွက် ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းတန် ကမ်းလှမ်းမှု တရပ် ပြုလုပ်ဖို့ စီစဉ်ထားပေမယ့် ဘိုင်ယန်မြူးနစ်ဘက်က လီဝမ်ဒေါစကီးကို ရောင်းထုတ်ဖွယ် မရှိတာကြောင့် ဘာစီလိုနာအနေနဲ့ အရန်ပစ်မှတ် အဖြစ် ချယ်လ်ဆီးကနေ ထွက်ခွာချင်နေတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူကို သတ်မှတ်ထားကြောင်း နာမည်ကြီး စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Marca သတင်းဌာနက ဆိုပါတယ်။

Photo Credit: 90 Mins

Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ချယ်လ်ဆီးကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ လူကာကူကို သူတို့ရဲ့ တိုက်စစ်ပိုင်း လိုအပ်ချက်တွေအား ဖာထေး ပေးနိုင်မယ့်သူ အဖြစ် ရှုမြင်ထားပြီး လူကာကူ အတွက် ပြောင်းရွှေ့ကြေး ယူရို ၆၀သန်း ဝန်းကျင် သုံးစွဲဖို့ အဆင်သင့် ဖြစ်နေကြောင်းလည်း သိရပါတယ်။