လိုင်ယွန်အသင်းရဲ့ အသင်းခေါင်းဆောင် နယ်သာလန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကတော့ ဒီနှစ်ဘောလုံးရာသီအကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ အခုဆောင်းစျေးကွက်အတွင်းမှာပဲ ပြင်သစ်လီဂူးပြင်ပ ကလပ်အသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စတွေကို လွတ်လပ်စွာ ဆွေးနွေးနိုင်မှာဖြစ်ပေမယ့်လည်း ဒီပိုင်းကိုယ်တိုင်ကတော့ အခုစျေးကွက်မှာ အသင်းမပြောင်းပဲ လိုင်ယွန်အသင်းနဲ့ပဲ ရာသီကုန်အထိ ဆက်လက်ကစားသွားနိုင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : TeamTalk

အသက်(၂၆)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းဟာ ဒီနှစ်ရာသီအကုန်မှာ သူနဲ့ လိုင်ယွန်အသင်းတို့ကြား ချုပ်ဆိုထားခဲ့တဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်လို့ သူရဲ့အနာဂတ်အခြေအနေတွေက လှုပ်ခတ်လျက်ရှိနေပြီး ကလပ်အသင်းတချို့ကလည်း အခုဆောင်းစျေးကွက်အတွင်းမှာပဲ ဒီပိုင်းကို Cut-price နဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီပိုင်းကတော့ အသင်းပြောင်းဖို့ထက် လိုင်ယွန်အသင်းနဲ့ပဲ ဒီနှစ်ရာသီကုန်ချိန်အထိ ဆက်လက်ကစားသွားဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Goal

သူရဲ့ အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီး ဒီပိုင်းက “ကျွန်တော်ဒီမှာ ပျော်ရွှင်နေပါတယ်။ ကျွန်တော်တို့က အကောင်းဆုံးလူအင်အားကိုလည်း ပိုင်ဆိုင်ထားပါတယ်။ အသင်းဥက္ကဌကိုလည်း ကျွန်တော်သဘောကျမိပါတယ်။ ဘာတွေဆက်ဖြစ်လာဦးမလဲဆိုတာ ကျွန်တော်တို့တွေ စောင့်ကြည့်ရပါလိမ့်မယ်။ ပြီးခဲ့တဲ့ (၄)ရာသီကတည်းက ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာကို ကျွန်တော်ရော အသင်းဥက္ကဌရော သိကြပါတယ်။ ဒီပုံစံအတိုင်း ဆက်သွားချင်ပါတယ်။ လက်ရှိအနေအထားကို ကျွန်တော်နှစ်သက်မိတယ်။ ကျွန်တော် ဒီနေရာမှာပဲ ဒီရာသီကုန်ချိန်အထိ ဆက်လက်ရှိသွားနိုင်ပါတယ်။ လာမယ့်စနေနေ့မှာ ကစားရမယ့် ပွဲစဉ်အတွက်ကိုပဲ အာရုံစိုက်နေပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီပိုင်းဟာ ၂၀၁ရခုနှစ်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ လိုင်ယွန်ဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ယူနိုက်တက်မှာ ခြေမပေါ်ခဲ့ပေမယ့်လည်း လိုင်ယွန်မှာတော့ အထိုက်အလျောက် ခြေစွမ်းပြနိုင်ခဲ့သလို မနှစ်က ဘောလုံးရာသီမှာဆိုရင်လည်း အသင်းကို ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်အဆင့်ထိပါ ပို့ဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းနဲ့ (၃)နှစ်စာချုပ်သာ ချုပ်ဆိုထားခဲ့တဲ့ ဒီပိုင်းဟာ ၂၀၂ဝခုနှစ် ဇွန်လ(၃၀)ရက်နေ့မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးတော့မှာဖြစ်သလို နယ်သာလန်နည်းပြဟောင်း ရော်နယ်ကိုးမန်း ကိုင်တွယ်နေတဲ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။