MySport Myanmar

ဟာလန်း မရရင် နူးညက်ဇ်နဲ့ အီဆက်ခ်တို့ကို ကြိုးပမ်းသွားမယ့် ဘာစီလိုနာ

ဘာစီလိုနာအသင်းကတော့ မန်ချက်စတာ စီးတီးအသင်းရဲ့ နော်ဝေ ဂိုးသွင်းစက် တိုက်စစ်မှူး အာလင်း ဟာလန်းကို အသင်းဆီ အရ ခေါ်ယူသွားဖို့ လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်သွားဖို့ ရှိနေပေမယ့်လည်း တကယ်လို့ ဟာလန်းကိုသာ မရခဲ့ရင်တော့ တခြား တိုက်စစ် options တွေကို ချိန်ရွယ်ထားပါတယ်။

ဘာစီလိုနာအသင်းက သူတို့ရဲ့ အိမ်ကွင်း နူးကမ့်ကို အကြီးစား ပြန်လည် တည်ဆောက်မှုတွေ လုပ်ဆောင်နေရာ လာမယ့် ၂၀၂၆ခုနှစ်မှာပဲ နူးကမ့်ကို ပြန်လည် ဖွင့်လှစ်ဖို့ ရှိနေရာ နူးကမ့်ဖွင့်ပွဲကြီးနဲ့အတူ ဟာလန်းကိုပါ အသင်းရဲ့ စူပါစတား ကစားသမားသစ် မိတ်ဆက်ပွဲအဖြစ် ပူးပေါင်းကျင်းပသွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Football365

ဒါပေမယ့် ဟာလန်းလို မန်စီးတီးရဲ့ အဓိကအကျဆုံး ကစားသမားတစ်ဦးကို ခေါ်ယူနိုင်ဖို့ဆိုတာက တော်တော်နဲ့ မလွယ်ကူတဲ့ အကြောင်းကိစ္စ ဖြစ်နေသလို ဟာလန်းကိုယ်တိုင် အသင်းပြောင်းဖို့ စိတ်ကူးပေါ်လာမှာသာ ဒီအပြောင်းအရွှေ့က ဖြစ်လာနိုင်ဖို့ မျှော်လင့်ချက် ရှိလာနိုင်ပါလိမ့်မယ်။

ဒီလို အခြေအနေမှာ ဘာစီလိုနာအနေနဲ့ ဟာလန်းကို မခေါ်ယူနိုင်ခဲ့ဘူးဆိုရင် နောက်ထပ် ပရီးမီးယားလိဂ်က ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ လီဗာပူးလ် တိုက်စစ်မှူး ဒါဝင် နူးညက်ဇ်နဲ့ နယူးကာဆယ် တိုက်စစ်မှူး အလက်ဆန်းဒါး အီဆက်ခ်တို့ကိုပါ ရွေးချယ်စရာ options တွေအဖြစ်နဲ့ သတ်မှတ်ထားတယ်လို့ သိရပါတယ်။

Photo Credit : Footballdirekt

ဥရုဂွေး တိုက်စစ်မှူး နူးညက်ဇ်က ဘင်ဖီကာကနေ လီဗာပူးလ်အသင်းဆီ မပြောင်းခင်ကတည်းက ဘာစီလိုနာအသင်းရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့သူ ဖြစ်သလို လက်ရှိမှာလည်း ဘာစီလိုနာက နူးညက်ဇ်ကို စိတ်ဝင်စားနေဆဲ ရှိနေပါတယ်။ နူးညက်ဇ်ဟာ ဒီရာသီ နည်းပြသစ် ဆလော့လက်ထက်မှာ ပွဲကစားခွင့်တွေ နည်းပါးနေရပြီး အနာဂတ် အခြေအနေတွေလည်း အနည်းငယ် လှုပ်ခတ်နေရပါတယ်။

အီဆက်ခ်ကတော့ ဆိုစီဒက်နဲ့အတူ လာလီဂါမှာ ကျင်လည်ခဲ့ဖူးတဲ့ ဆွီဒင် တိုက်စစ်မှူး ဖြစ်သလို ဆိုစီဒက်မှာ ရှိစဉ်ကတည်းက ဘာစီလိုနာတို့ စိတ်ဝင်စားခဲ့ရတဲ့ ကစားသမားတွေထဲမှာလည်း ပါဝင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အီဆက်ခ်ကတော့ နယူးကာဆယ်ရဲ့ အဓိက ကစားသမားဖြစ်လို့ သူ့ကို ခေါ်ယူဖို့ကလည်း ခက်ခဲနိုင်ပါတယ်။

Exit mobile version