ယမန်နေ့မှာတော့ စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ နည်းပြသစ်ကို ကြေညာသွားခဲ့ပြီး အားလုံး ထင်မှတ် ထားကြတဲ့အတိုင်းပဲ ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ဂန္တဝင်ကစားသမား ရော်နယ်ကိုးမန်းကို အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အသက် ၅၇နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ ရော်နယ်ကိုးမန်း ဟာ နည်းပြဘဝမှာ ကြီးမားတဲ့ အောင်မြင်မှုတွေ မရသေးပေမယ့် လက်ရှိ ဘာစီလိုနာအသင်း အပါအဝင် ကလပ်အသင်း ၁၀သင်းနဲ့ နိုင်ငံအသင်း ၁သင်းကို ကိုင်တွယ်ခဲ့ဖူးတာကြောင့် များပြားလှတဲ့ အတွေ့အကြုံတွေကို ပိုင်ဆိုင်ထားသူ ဖြစ်ပြီး ကစားသမားကောင်းတွေ နည်းပါးသွားတာကြောင့် ကျဆင်းလာတဲ့ နယ်သာလန် အသင်းရဲ့ပုံရိပ်ကိုလည်း ယခင်ကလို ဥရောပရဲ့ ထိပ်သီး နိုင်ငံအသင်းကြီး တစ်သင်းအဖြစ်သို့ ရောက်ရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။

Photo Credit: Daily Mirror

ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာရဲ့ ခေတ်သစ် တစ်ခုကို ဦးဆောင်ဖို့ အတွက် ရောက်ရှိလာတဲ့ နည်းပြလို့ ဆိုရမှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းကို အရှက်တကွဲ အကျိုးနည်း ရှုံးနိမ့်ခဲ့ရ အပြီးမှာတော့ ဘာစီလိုနာအသင်းဟာ အသင်းကို မြေလှန်ပစ်ဖို့ စဉ်းစားနေကာ အသင်းရဲ့ စီနီယာ ကစားသမား အများစုကို ရှင်းထုတ်သွားတော့မှာပါ။ ဒါ့ကြောင့်လည်း ရော်နယ်ကိုးမန်းဟာ ဘာစီလိုနာအသင်းကို သူ့စိတ်ကြိုက် ပြင်ဆင်နိုင်ခွင့် ရရှိသွားမှာ ဖြစ်ပြီး လတ်တလောမှာတော့ ကိုးမန်းဟာ ဘာစီလိုနာအသင်းထံ ကစားသမား ၃ဦး ဝယ်ယူပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။ စပိန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရတော့ အဆိုပါ ကစားသမား သုံးဦးဟာ အေဂျက် ကွင်းလယ်လူ ဗန်ဒီဘိခ် ၊ အဲဗာတန် ဗဟို နောက်ခံလူ မိုက်ကယ်ကိန်းနဲ့ လိုင်ယွန်အသင်းရဲ့ တောင်ပံတိုက်စစ် ကစားသမား ဒီပိုင်းတို့ ဖြစ်တယ် လို့ သိရပါတယ်။

Photo Credit: Daily Mirror

ဥရောပ အခြေစိုက် သတင်းဌာန တစ်ခုဖြစ်တဲ့ OK Diario သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ ကိုးမန်းဟာ ဗန်ဒီဘိခ်ထက် မိုက်ကယ်ကိန်းနဲ့ ဒီပိုင်းတို့ကို ပိုမို အလိုရှိနေကာ အဆိုပါ ကစားသမား သုံးဦးစလုံးကို ရအောင် ခေါ်ယူပေးဖို့ ဘာစီလိုနာအသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆို ထားကြောင်း သိရပါတယ်။ အသက် ၂၆နှစ် အရွယ် ဒီပိုင်းဟာ လက်ရှိမှာ လိုင်ယွန်အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေကာ နယ်သာလန် လက်ရွေးစင်အသင်းမှာ ရော်နယ်ကိုးမန်းနဲ့ လက်တွဲခဲ့ဖူးတာကြောင့် ကိုးမန်းဟာ ဒီပိုင်းကို ဘာစီလိုနာအသင်းရဲ့ တိုက်စစ်မှာ နေရာပေးလို နေတာ ဖြစ်ပြီး ဒီပိုင်းအတွက် ဘာစီလိုနာအသင်း ဟာ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းဝန်းကျင် သုံးစွဲရနိုင်ပါတယ်။ အသက်၂၇နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ မိုက်ကယ်ကိန်းကတော့ အဲဗာတန်အသင်းမှာ ရော်နယ်ကိုးမန်းနဲ့အတူ လက်တွဲခဲ့ဖူးသူ ဖြစ်ပြီး လက်ရှိအချိန်မှာ သူ့ရဲ့ တန်ကြေးဟာ ယူရို၂၀သန်း ဝန်းကျင် ရနေတာကြောင့် ဘာစီလိုနာအသင်းဟာ သူ့ကို ခေါ်ယူပါက ပြောင်းရွှေ့ကြေး ယူရို၂၅သန်းဝန်းကျင် သုံးစွဲရနိုင်ပါတယ်။