စပိန်အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းနဲ့ အီတလီ အင်အားကြီးအသင်း ဖြစ်တဲ့ ဂျူဗင်တပ်အသင်းတို့ဟာ ဘွန်ဒက်လီဂါကလပ် ဟာသာဘာလင်အသင်းရဲ့ လူငယ် ကွင်းလယ် တိုက်စစ် ကစားသမား စမာဒီဇစ်ကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်မှုတွေ ပြုလုပ်လာခဲ့တယ် လို့ သိရပါတယ်။ အသက်၁၈နှစ် အရွယ်သာ ရှိသေးတဲ့ စမာဒီဇစ်ဟာ ဂျာမန် ဘောလုံးလောကရဲ့ နောက်ထပ် ထွန်းတောက်လာမယ့် လူငယ် ကစားသမားအဖြစ် ရှုမြင်ခြင်းကို ခံထားရသူ ဖြစ်ပြီး လက်ရှိအချိန်မှာ အသင်းကြီးတွေရဲ့ မျက်စိကျခြင်းကို ခံနေရတဲ့ လေဗာကူဆင် အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ကိုင်ဟားဗက်နဲ့ ကစားပုံချင်း ဆင်တူတယ်လို့ ဘောလုံးကျွမ်းကျင်သူတွေရဲ့ သုံးသပ်ရှုမြင်ခြင်း ကို ခံထားရပါတယ်။

Photo Credit: BILD

အသက် ၁၈နှစ်အရွယ် စမာဒီဇစ်ဟာ ဂျာမန် – ဆားဘီးယား လူမျိုး ဖြစ်ပြီး ဘယ်ခြေသန် ကစားသမား တစ်ဦး ဖြစ်ကာ ကွင်းလယ် တိုက်စစ်နဲ့ ဘယ်တောင်ပံ တိုက်စစ် နေရာတွေမှာ ကစားလေ့ ရှိသူပါ။ ဒါပေမယ့် စမာဒီဇစ် အဓိက ကစားတဲ့ နေရာကတော့ ကွင်းလယ်တိုက်စစ်မှာ ဖြစ်ပြီး လက်ရှိ ဘောလုံးရာသီမှာ ဆိုရင် စမာဒီဇစ်ဟာ ဟာသာဘာလင် ယူ၁၉အသင်း အတွက် ၁၆ပွဲ ပါဝင် ကစားပေးခဲ့ရာမှာ ၁၄ဂိုး သွင်းယူ ထားကာ ၉ဂိုးအထိ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ Goal သတင်းဌာနရဲ့ အဆိုအရတော့ လက်ရှိမှာ စမာဒီဇစ်ကို ခေါ်ယူဖို့ အတွက် စောင့်ကြည့်နေတဲ့ ဥရောပ ထိပ်သီးအသင်းများစွာ ရှိနေပြီး အဆိုပါ အသင်းတွေထဲမှာ စမာဒီဇစ်ကို ခေါ်ယူနိုင်ဖို့ အတွက် အခြေအနေ အကောင်းဆုံး ဖြစ်နေတဲ့ အသင်းတွေဟာ ဘာစီလိုနာအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: BILD

လက်ရှိမှာတော့ ဟာသာဘာလင်အသင်းဟာ စမာဒီဇစ်ကို အသင်းကြီးထံ ခေါ်ယူကာ စီနီယာ ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်း ဆင်းခိုင်း ထားပြီး အသင်းမှာ ဆက်ထိန်းသွားဖို့ ကြိုးစား နေပါတယ်။ ဒါ့အပြင် စမာဒီဇစ်ကို လာမယ့် ဘောလုံးရာသီမှာ နေရာပေးသွားမယ်လို့လည်း ဂျာမန်အခြေစိုက် သတင်းဌာနတွေရဲ့ အဆိုအရ သိရပါတယ်။

Photo Credit: BILD

ဟာသာဘာလင်အသင်းရဲ့ နည်းပြ ဖြစ်သူ နော်ရီ ကတော့ စမာဒီဇစ်ဟာ အရမ်းကို စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ ကစားသမား ဖြစ်တယ် လို့ ချီးကျူး ထားခဲ့ဖူးပါတယ်။ နော်ရီက ” သူက အတော်လေးကို စိတ်လှုပ်ရှားစရာ ကောင်းတဲ့ ကစားသမား ဖြစ်ပြီး ကျွန်တော်တို့ကို မျှော်လင့်မှုတွေ အများကြီး ဖြစ်ပေါ်စေတဲ့ ကစားသမားပါ။ အရမ်းကောင်းတဲ့ ကစားကွက် ဖန်တီးသူ ဖြစ်သလို သူ့ရဲ့ ကစားပုံဟာ ကျွန်တော့်အတွက် မက်စ်ခရူ့စ်ကို ပြန်ပြောင်း သတိရစေပြီး သိမြင်နိုင်စွမ်းရှိမှုနဲ့ အမြင်အားကောင်းမှုတွေက သူ့ရဲ့ အရည်အသွေးတွေပါ ” လို့ ချီးကျူးခဲ့တာပါ။