စပိန်လာလီဂါ အင်အားကြီးအသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဂျူဗင်တပ်အသင်းက ရောင်းချဖို့ စီစဉ်ထားတဲ့ ဝေးလ်လက်ရွေးစင် ကွင်းလယ်လူ ရမ်ဆေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းနဲ့ ဂျူဗင်တပ်အသင်းကလည်း ဘာစီလိုနာအသင်းမှာ ကစားနေတဲ့ သူတို့အသင်းရဲ့ ကွင်းလယ်လူဟောင်း ပီယာနစ်ကို ပြန်လည် ခေါ်ယူဖို့ အသီးသီး စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၃၀အရွယ် ဝေးလ်လက်ရွေးစင် ကွင်းလယ်လူ ရမ်ဆေးဟာ ယခုနှစ် ယူရို၂၀၂၀ပြိုင်ပွဲမှာ ဝေးလ်အသင်း အတွက် ခြေစွမ်းပြ ကစားထားနိုင်တဲ့ ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ တိုက်စစ်လိုက်ပါ ကစားဟန်တွေ ၊ ခံစစ်ပိုင်းကို ကူညီနိုင်မှုတွေက ဘာစီလိုနာနည်းပြ ကိုးမန်းကို မျက်စိကျစေတဲ့ အရည်အချင်းတွေပဲ ဖြစ်ပါတယ်။

Photo Credit: Reutir

တဖက်မှာလည်း ဘော့စနီးယား ကွင်းလယ်လူ ဖြစ်တဲ့ ပီယာနစ်ဟာ ဘာစီလိုနာအသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်းနဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းဟောင်း ဂျူဗင်တပ်အသင်းထံ ပြောင်းရွှေ့ချင်နေပြီး ဂျူဗင်တပ်အသင်းရဲ့ နည်းပြသစ် ဖြစ်သူ အယ်လီဂရီနီကလည်း ပီယာနစ်ကို ပြန်လည် ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားပါတယ်။ အသက် ၃၁နှစ် အရွယ် ပီယာနစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘရာဇီးလ် ကွင်းလယ်လူ အာသာနဲ့ အလဲအထပ် ပြုလုပ်ကာ ဘာစီလိုနာ အသင်းထံ ရောက်ရှိလာတဲ့ ကစားသမား ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ပွဲ ၃၀ အထိ ပါဝင် ကစားခွင့် ရရှိထားပေမယ့် ပါဝင် ကစားခွင့် ရထားတဲ့ ပွဲအများစုမှာ လူစားဝင် ကစားသမား အဖြစ်သာ ကစားခွင့် ရရှိထားသူပါ။

Photo Credit: Reutir

ဒါကြောင့်ပဲ ဘာစီလိုနာအသင်းဟာ လုပ်ခလစာ မြင့်မားတဲ့ ပီယာနစ်ကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာခွင့် ပေးထားပြီး ဂျူဗင်တပ်အသင်းကလည်း ပီယာနစ်ကို ခေါ်ယူဖို့ ဘာစီလိုနာအသင်းထံ ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။ ကနဦးမှာ ဘာစီလိုနာအသင်းဟာ ပီယာနစ်ကို ဂျူဗင်တပ်အသင်းထံ ၂နှစ် အငှားချဖို့ စဉ်းစားခဲ့ပေမယ့် အသင်းရဲ့ နည်းပြဖြစ်သူ ကိုးမန်းက ဂျူဗင်တပ်အသင်းရဲ့ ကွင်းလယ်လူ ရမ်ဆေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာချိန်မှာ ပီယာနစ်နဲ့ ရမ်ဆေးတို့ကို အလဲအထပ် လုပ်ဖို့ စီစဉ်နေကြောင်း စပိန်အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ El Gol Digitalက အခိုင်အမာ ဖော်ပြသွားပါတယ်။ ဂျူဗင်တပ်အသင်းကလည်း ရမ်ဆေးကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ရောင်းချဖို့ စီစဉ်ထားတာကြောင့် ရမ်ဆေးနဲ့ ပီယာနစ်တို့ရဲ့ အလဲအထပ်ဟာ ဖြစ်ပေါ်လာဖို့ ရာခိုင်နှုန်းများနေပြီး ရမ်ဆေးနဲ့ ပီယာနစ်တို့ကလည်း အသင်းပြောင်းဖို့ ဆုံးဖြတ်ထားကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။