ဘာစီလိုနာအသင်းဟာ သူတို့ရဲ့ ကစားသမားဟောင်းကြီးဖြစ်သူ အလက်ဆစ် ဆန်းချက်ဇ်ကို ကာလတို စာချုပ်တစ်ရပ်နဲ့ ခေါ်ယူသွားဖို့ အံ့အားသင့်ဖစွယ် စိတ်ဝင်စားနေတယ်လို့ Mundo Deportivo ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။
ဘာစီလိုနာအသင်းက လက်ရှိမှာ သူတို့ရဲ့ တောင်ပံ တိုက်စစ် ကစားသမား အူစမန် ဒမ်ဘီလီကို ပီအက်စ်ဂျီအသင်းဆီ လက်လွတ်ရဖို့ ရှိနေတာကြောင့် ဒမ်ဘီလီ နေရာအတွက် ဆန်းချက်ဇ်နဲ့ ရေတို အစားထိုးသွားချင်နေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Photo Credit : DayFR Euro
အသက် (၃၄)နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ချီလီ ဝါရင့် ကစားသမားကြီး ဆန်းချက်ဇ်က မာဆေးလ်အသင်းမှာ တစ်ရာသီ ပါဝင်ကစားခဲ့ပြီးနောက် အခုနွေမှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့တာကြောင့် free agent player ပြန် ဖြစ်သွားခဲ့ရပါတယ်။
မာဆေးလ်က ဆန်းချက်ဇ်ကို စာချုပ်သစ် ချုပ်ဆိုဖို့ ကြိုးပမ်းနေပေမယ့်လည်း အူဘာမီယန်း အစ္စမိုင်လာ ဆား နဲ့ အမ်ဒီယာအေးတို့ကို ခေါ်ယူထားခဲ့တာကြောင့် ဆန်းချက်ဇ်အနေနဲ့ မာဆေးလ်မှာ ဆက်ရှိနေမယ်ဆိုရင် ပုံမှန် နေရာပျောက်ဆုံးဖို့က အခြေအနေများနေတဲ့အတွက် အသင်း အပြောင်းအလဲ လုပ်ဆောင်ဖွယ်သာ ရှိနေရပါတယ်။
Photo Credit : Central Deportes
ဒီလို အခြေအနေမှာ ဒမ်ဘီလီကို လက်လွတ်ရတော့မယ့် ဘာစီလိုနာအသင်းက ကစားသမားဟောင်း ဆန်းချက်ဇ်ကို တစ်နှစ် စာချုပ်နဲ့ ခေါ်ယူပြီး ဒမ်ဘီလီ နေရာအတွက် ရေတို အစားထိုးဖို့ ပြင်ဆင်လာခဲ့ပါတယ်။ ဆန်းချက်ဇ်က ဘာစီလိုနာအသင်းမှာ (၄)နှစ်ကြာ ပါဝင်ကစားခဲ့သူဖြစ်ပြီး ၂၀၁၄မှာပဲ ဘာစီလိုနာကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ ဖြစ်ခဲ့ပါတယ်။
လက်ရှိမှာ ဘာစီလိုနာက ဒမ်ဘီလီကို ရောင်းချလို့ ရရှိမယ့် ပြောင်းရွှေ့ကြေးကနေ ဒမ်ဘီလီ နေရာ ပြန်လည် အစားထိုးဖို့အတွက် မသုံးစွဲသွားချင်ပဲ ညာနောက်ခံ နေရာအတွက်ကိုသာ အသုံးပြုသွားချင်နေပြီး မန်စီးတီးအသင်းရဲ့ ညာနောက်ခံလူ ဂျာအို ကန်ဆယ်လိုကို ကမ်းလှမ်းသွားဖို့အတွက်သာ သုံးစွဲသွားဖွယ် ရှိနေပါတယ်။