လက်ရှိအချိန်မှာ ဘဏ္ဍာရေးအကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး ငွေကြေးပိုင်း အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ဘာစီလိုနာအသင်းဟာ နွေစျေးကွက်အတွင်းမှာ ကစားသမားသစ်တွေကို အလွတ်ပြောင်းရွေ့ကြေးတွေနဲ့သာ ခေါ်ယူထားခဲ့ရသလို အသင်းရဲ့ ကစားသမားတွေထဲကမှ လစာမြင့်မားလှတဲ့ ကစားသမားတွေကိုလည်း အသင်းကနေ ရောင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့ရာ အသင်းရဲ့အရောင်းစာရင်းအတွင်း တိုက်စစ်ကစားသမား ဂရီးဇ်မန်းပါ ပါဝင်လာခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Everything Barca

ကိုရိုနာဗိုင်းရပ်စ်ဂယက်တွေကြောင့် ကြွေးမြီးများစွာ တင်နေရတဲ့ ဘာစီလိုနာအသင်းဟာ အခု နွေရာသီ အပြောင်းအရွေ့စျေးကွက်အတွင်းမှာ အသင်းမှာ အံ့မဝင်ဖြစ်နေရတဲ့ ကစားသမားတွေကို ရှင်းထုတ်ပြီး အသင်းရဲ့ ဘဏ္ဍာရေးဟန်ချက်ကို ပြန်လည်ညီမျှသွားဖို့ လုပ်ဆောင်ချင်နေတာဖြစ်လို့ ဂရီးဇ်မန်းအပါအဝင် ကော်တင်ဟို ပီယာနစ် အမ်တီတီ အစရှိတဲ့ ကစားသမားတွေကို အသင်းကနေ ရှင်းထုတ်သွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ စပိန်ရုပ်သံလိုင်းတစ်ခုဖြစ်တဲ့ El Chiringuito TV ရဲ့ ဖော်ပြချက်တွေအရ ဒီနှစ်နွေစျေးကွက်အတွင်းမှာ ဂရီးဇ်မန်းအနေနဲ့ အသင်းကနေ ထွက်ခွာရတော့မယ်ဆိုတဲ့အကြောင်းကို ဘာစီလိုနာအသင်းကနေ အသိပေးထားတယ်လို့ ဖော်ပြလာခဲ့တာကြောင့် ဂရီးဇ်မန်းရဲ့ အနာဂတ်က လှုပ်ခတ်လာရဖွယ် ရှိနေပါတယ်။

Photo Credit : Football Espana

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ ရီးယဲလ်ဆိုစီဒက် အသက်လက်တီကိုမက်ဒရစ်အသင်းတွေနဲ့ လာလီဂါမှာ ကျင်လည်ခဲ့ဖူးသူဖြစ်ပြီး ၂၀၁၉ခုနှစ်မှာပဲ အသက်လက်တီကိုကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွေ့ကြေး ပေါင်(၁၀၈)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဂရီးဇ်မန်းဟာ အသက်လက်တီကိုအသင်းမှာ ပြသနိုင်ခဲ့တဲ့ စွမ်းဆောင်ရည်မျိုးအတိုင်း ဘာစီလိုနာမှာ ထပ်တူပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဘာစီလိုနာမှာ ပါဝင်ခဲ့တဲ့ (၂)ရာသီအတွင်းမှာလည်း စုစုပေါင်း သွင်းဂိုးက (၃၅)ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေတွေ ရှိနေရတဲ့အပြင် နွေစျေးကွက်အတွင်းမှာပါ ဘာစီလိုနာဘက်ကနေ တိုက်စစ်ကစားသမားတွေဖြစ်တဲ့ ဆာဂျီယိုအဂွဲရိုးနဲ့ မန်ဖစ်ဒီပိုင်းတို့ကို ခေါ်ယူအားဖြည့်ထားတာဖြစ်လို့ ဂရီးဇ်မန်းအတွက် ပွဲထွက်ခွင့်ရဖို့က မရေရာတော့တဲ့ အနေအထားတွေ ဖြစ်လာခဲ့ရပါတယ်။ လက်ရှိမှာ ဘာစီလိုနာဘက်ကနေ မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးပမ်းနေပြီး မက်ဆီသာ အသင်းမှာ ဆက်ရှိနေဖြစ်မယ်ဆိုရင် တိုက်စစ်ပိုင်းမှာ မက်ဆီ အဂွဲရိုးနဲ့ ဒီပိုင်းတို့ကို တွဲဖက်အသုံးပြုလာနိုင်သလို ဂရီးဇ်မန်းထက် လူငယ်တိုက်စစ်မှူးလေး အန်ဆူဖာတီကိုသာ ပိုမိုနေရာပေးဖွယ် ရှိနေတာကြောင့် ဂရီးဇ်မန်းအနေနဲ့ နွေစျေးကွက်ထဲမှာ သူ့အတွက် အသင်းသစ်တစ်သင်းကို ရှာဖွေထားရဖွယ် ရှိနေပါတယ်။