ဘာစီလိုနာအသင်းဟာ သူတို့အသင်းရဲ့ ပိုလန် တိုက်စစ်မှူးကြီး ရောဘတ် လီဝန်ဒေါစကီးကို လာမယ့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ ပြောင်းရွှေ့ကြေး ယူရို သန်း(၂၀)ဝန်းကျင်နဲ့ ရောင်းချသွားဖို့ စီစဉ်နေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက် (၃၅)နှစ်အရွယ် ပိုလန် လက်ရွေးစင် ဝါရင့် တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် နွေရာသီကမှ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး သူရဲ့ ပွဲဦးထွက် ရာသီမှာပဲ ပြိုင်ပွဲစုံအတွင်း (၃၃)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Barca Blaugranes

ဘိုင်ယန်မှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးပြီး ဘိုင်ယန်ရဲ့ legend player တစ်ဦးလိုပါ ဖြစ်ခဲ့ရတဲ့ လီဝန်ဒေါစကီးက ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့အတွက် ဘိုင်ယန်ကနေ ရအောင် ထွက်ခွာခဲ့ပြီး အခုတော့ ဘာစီလိုနာကနေပါ ထပ်မံ ထွက်ခွာရဖို့ အကြောင်းဖန်လာခဲ့ရပါတယ်။

လတ်တလောမှာ ဘာစီလိုနာအသင်းက လာမယ့်နွေဈေးကွက်မှာပဲ လီဝန်ဒေါစကီးကို ရောင်းထုတ်သွားတော့မယ်လို့ သတင်းတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့ရပြီး လီဝန်ဒေါစကီးကတော့ အနည်းဆုံး ၂၀၂၅လောက်အထိ ဘာစီလိုနာမှာပဲ ဆက်ရှိသွားချင်နေပါတယ်။

Photo Credit : Football Espana

ဒီရာသီမှာ ဘာစီလိုနာအသင်းအတွက် ဂိုးသွင်းစွမ်းရည်တွေ အနည်းငယ် ကျဆင်းလာခဲ့ရတဲ့ လီဝန်ဒေါစကီးဟာ လာမယ့်နွေမှာပဲ ဘာစီလိုနာအသင်းနဲ့ လက်တွဲဖြုတ်ရဖို့ ရှိနေပြီး ယူရို သန်း(၂၀)လောက်နဲ့ ရောင်းထုတ်သွားဖို့ ရှိနိုင်တယ်လို့ သတင်းထွက်ပေါ်နေခဲ့ပါတယ်။

လီဝန်ဒေါစကီးနဲ့ သူရဲ့အေးဂျင့်ဖြစ်သူတို့ကတော့ လာမယ့် ဘောလုံးရာသီအပြင် ၂၀၂၅ခုနှစ်အထိ ဘာစီလိုနာအသင်းမှာပဲ ဆက်လက် ရှိသွားချင်နေပေမယ့်လည်း ဘာစီလိုနာဘက်က တိုက်စစ်ပိုင်း အပြောင်းအလဲတွေ ကြီးကြီးမားမား လုပ်ဆောင်ဖို့ ရှိနေလို့ လီဝန်ဒေါစကီးကိုပါ လာမယ့်နွေမှာပဲ ရောင်းထုတ်ဖွယ် ရှိနေပါတယ်။